
အစ္စရေးက သိမ်းပိုက်ထားတဲ့ ဂိုလန်ကုန်းမြင့်ကို ဇန်န၀ါရီ ၂၇ ရက်နေ့က ဆီးရီးယားနိုင်ငံထဲကနေ ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်အနည်းဆုံး ၂ စင်း လာရောက်ထိမှန်ခဲ့တဲ့အတွက် အစ္စရေးက ပြန်ပစ်ခဲ့ရတယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။
ဆီးရီးယားနိုင်ငံတွင်း အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် အီရန်ဗိုလ်ချုပ်တယောက်နဲ့ လက်ဘနွန် ဟဇ်ဘိုလာပြောက်ကျားအတော်များများ သေဆုံးခဲ့အပြီး ၉ ရက်အကြာမှာ ခုလို ဖြစ်ခဲ့တာပါ။ တိုက်ခိုက်မှု ပစ်လွှတ်ခဲ့တဲ့နေရာကို ချိန်ရွယ်ပြီး အမြောက်တွေနဲ့ တုံ့ပြန်ခဲ့တယ်လို့ အစ္စရေးစစ်တပ် ပြောခွင့်ရက ပြောပါတယ်။
ဒုံးကျည်ပစ်ခတ်မှုအပြီး ဂိုလန်ကုန်းမြင့်က စကိတ်စီးရာ အပန်းဖြေစခန်း မောင့်တ်ဟာမွန်ကို နေရာရွှေ့ပြောင်းဖို့ကိုလည်း အမိန့်ထုတ်ခဲ့တယ်လို့ စကိတ်စီးသူတွေက ပြောပါတယ်။
တိုက်ခိုက်မှုကို ဘယ်သူလုပ်တယ်ဆိုတဲ့ တာဝန်ခံမှုရော သေဆုံးမှု အစီရင်ခံစာပါ မရှိသေးပါဘူး။
ဇန်နဝါရီ ၁၈ ရက်နေ့က အစ္စရေးက ဟဇ်ဘိုလာယာဉ်တန်းကို လေကြောင်း တိုက်ခိုက်မှုကြောင့် အီရန်ဗိုလ်ချုပ်၊ ဟဇ်ဘိုလာတပ်မှူးနဲ့ သူသား စစ်တပ်ခေါင်းဆောင်တို့ သေဆုံးပါတယ်။
အီရန်က ကျောထောက်နောက်ခံ ပေးထားပြီး ၂၀၀၆ က အစ္စရေးနဲ့ ၃၄ ရက်ကြာ စစ်ပွဲ ဆင်နွှဲဖူးတဲ့ ဟဇ်ဘိုလာတွေကတော့ သေဆုံးမှုတွေအတွက် လက်စားချေမယ်လို့ ကတိပြုထား ပါတယ်။
ဒါကြောင့် လေကြောင်းတိုက်ခိုက်မှုပြီးတည်းက အစ္စရေးမြောက်ပိုင်းနဲ့ ဂိုလန်ကုန်းမြင့်ဒေသ တွေက စစ်တပ်တွေကိုရော အရပ်သားတွေကိုပါ တပ်လှန့်မှု တိုးမြှင့်ထားပြီး ဆီးရီးယားနယ်စပ်နားမှာ အစ္စရေးက အိုင်ယန်းဒွန်းမ် ဒုံးကျည်ကြားဖြတ် ဟန့်တားမှုစနစ်ကို တပ်ဆင်ထားခဲ့ပါတယ်။
အစ္စရေးဟာ ဂိုလန်ကုန်းမြင့်ကို ဆီးရီးယားနိုင်ငံဆီကနေ ၁၉၆၇ အရှေ့အလယ်ပိုင်းစစ်ပွဲမှာ သိမ်းယူခဲ့တာပါ။
ဆီးရီးယားပြည်တွင်းစစ် ၄ နှစ်နီးပါးအတွင်း မော်တာတွေနဲ့ ဒုံးကျည်တွေ အများအပြား ဂိုလန်ကုန်းမြင့်ပေါ် ကျရောက်ပေါက်ကွဲခဲ့ပါတယ်။
မတော်တဆမှုတချို့က အစ္စရေးစစ်သားတွေကို တမင်ပစ်မှတ်ထားတာဖြစ်ပြီး ကျန်တာတွေ ကတော့ ဆီးရီးယားသမ္မတကို သစ္စာခံတဲ့စစ်တပ်နဲ့ သူပုန်တွေကြား တိုက်ပွဲတွေကနေ လွှင့်စင်ထိမှန်တာလို့ အစ္စရေး ပြောခဲ့ပါတယ်။