မြို့တော်သန့်ရှင်းရေးလုပ်ရန် မြန်မာပရိသတ်အပြုအမှုနှင့် စင်ကာပူဝန်ကြီးချုပ် ယှဉ်ပြ

2.8K
ဇန်န၀ါရီ ၂၄ ရက်နေ့က ကျင်းပတဲ့ စင်ကာပူနိုင်ငံရဲ့ ပွဲတော်တခုမှာ အမှိုက်တွေ ပြန်ကြဲနေတဲ့အတွက် ဆူးဇူကီး ဖလား ဘောလုံးပြိုင်ပွဲမှာ အမှိုက်တွေ ရှင်းလင်းခဲ့တဲ့ မြန်မာ ပရိသတ်အပြုအမှုနဲ့ ယှဉ်ပြီး နိုင်ငံ သန့်ရှင်းရေး ဆောင်ရွက်ဖို့ စင်ကာပူဝန်ကြီးချုပ်က တိုက်တွန်းလိုက်ပါတယ်။
၂၀၁၄ ခုနှစ် နိုဝင်ဘာလက အာရှဘောလုံးအဖွဲ့ချုပ် ဆူဇူကီး ဖလား ဘောလုံးပြိုင်ပွဲ ကျင်းပတဲ့ စင်ကာပူ အမျိုးသားအားကစားကွင်းမှာ မြန်မာပရိသတ်က အမှိုက်ရှင်းလင်းခဲ့တဲ့ဓာတ်ပုံနဲ့ စင်ကာပူမှာ ကျင်းပတဲ့ လူ ၁ သောင်းကျော်တက်ရောက်တဲ့ ပွဲတော်မှာ အမှိုက်တွေ မသိမ်းဘဲ ပြန်ကြဲနေတဲ့ဓာတ်ပုံ ၂ ခုကို ယှဉ်ပြီး သူရဲ့ လူမှုရေး ကွန်ရက်ဖေ့ဘွတ်စာမျက်နှာမှာ တင်ထားခဲ့တာ ဖြစ်ပါတယ်။
[caption id="attachment_79050" align="alignright" width="312"]
ဓာတ်ပုံ (၀န်ကြီးချုပ် လီရှန်လွန်း ဖေ့ဘွတ်ခ်)[/caption]
မြန်မာပရိသတ်တွေရဲ့ ဘောလုံးပြိုင်ပွဲက အပြုအမှုကို နိုင်ငံတကာ သတင်းတွေမှာ ချီးကျူးရေးသားခဲ့ပါတယ်။
ဒီပွဲမှာ စင်ကာပူကို ရှုံးခဲ့ပေမယ့် မြန်မာပရိသတ်က သန့်ရှင်းရေး လုပ်ဆောင်သွားခဲ့ကြောင်း၊ နိုင်ငံ သန့်ရှင်းရေးအတွက် စင်ကာပူနိုင်ငံသားတွေ အားစိုက်ဆောင်ရွက်ဖို့ လိုကြောင်း ၀န်ကြီးချုပ် လီရှန်လွန်းက ရေးသားထားတာ ဖြစ်ပါတယ်။
“အားလုံးဟာ ကိုယ့်ရဲ့ အမှိုက်ကို ကိုယ်သိမ်းဖို့၊ မျိုးဆက်တွေနဲ့ ကျန်တဲ့သူတွေကို ဒီလိုလုပ်ဆောင်ဖို့ ပညာပေးတာ တစိတ်တပိုင်း တာဝန်ရှိတယ်” လို့ လီရှန်လွန်းက ပြောပါတယ်။
ဝန်ကြီးချုပ်ရဲ့ တိုက်တွန်းချက်အောက်မှာ မှတ်ချက်ရေးသားတဲ့ ဖေ့ဘွတ်ခ် အသုံးပြုသူ ဒေးဗစ်ကိတ် ကတော့ ဒီမှာ အလုပ်လုပ်လို့ အကောင်းဆုံးဟာ မြန်မာတွေ ဖြစ်သလို ယဉ်ကျေးတဲ့သူတွေ ဖြစ်ကြောင်း၊ အရက်သောက်ပေမယ့်လည်း ဘောလုံးပွဲမှာ ရန်ပွဲနဲ့ ပြဿနာ မရှိသလို အလုပ်လုပ်ပေးဖို့ လူတွေထပ်ခေါ်ပေးဖို့လည်း အစိုးရကို တိုက်တွန်း ရေးသားထားပါတယ်။
ဖေ့ဘွတ်ခ်အသုံးပြုသူ ငြိမ်းချမ်းဦးကတော့ “ပွဲကို ရှုံးနိမ့်သွားပေမယ့်လည်း သိက္ခာကတော့ မရှုံးသလို အသိအမှတ်ပြုတာကို ကျေးဇူးတင်တယ် မစ္စတာလီ” လို့ ရေးထားပါတယ်။