အဲအေးရှားလေယာဉ် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း ရပ်နား

ပြီးခဲ့တဲ့လကုန်ပိုင်းက ပျက်ကျသွားတဲ့ အဲအေးရှားလေယာဉ် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း တွေကို ရပ်နားလိုက်တယ်လို့ အင်ဒိုနီးရှားစစ်တပ်က ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၇ ရက်နေ့က ကြေညာပါတယ်။
လေယာဉ်ကိုယ်ထည် မတင်ရေးလုပ်ငန်းတွေ ၃ ရက်ကြာ ကြိုးစားခဲ့ကြပေမယ့်လည်း မအောင်မမြင်ဖြစ်ခဲ့ပြီး အခုကြေညာချက် ထွက်ပေါ်လာတာပါ။
အစကတော့ လေယာဉ်ကိုယ်ထည်ထဲ ခရီးသည်ရုပ်အလောင်းတွေ ကျန်နေဦးမယ်လို့ အာဏာပိုင်တွေ ယုံကြည်ခဲ့ကြပေမယ့် အခုတော့ အသက်ရှင်ကျန်ရစ်သူ မရှိနိုင်တော့ဘူးလို့ အာဏာပိုင်တွေက ပြောဆိုပါတယ်။
ဒါကြောင့် လေယာဉ်ပျက်အပိုင်းအစ ဆယ်ယူရေးလုပ်ငန်းဟာ ထိပ်တန်းဦးစားပေးလုပ်ငန်း မဟုတ်တော့ဘူးလို့ အင်ဒိုနီးရှားရေတပ်ဗိုလ်ချုပ် ဗီဒိုဒိုက သတင်းထောက်တွေကို ပြောဆိုပါတယ်။
လေယာဉ်ပေါ်လိုက်ပါသွားသူ ၁၆၂ ဦးထဲက ခရီးသည် ၇၀ ရဲ့ရုပ်အလောင်းတွေကို ဆယ်ယူ ရရှိထားပေမယ့် ရာသီဥတုဆိုးရွားပြီး ပင်လယ်ရေစီးကြမ်းခဲ့တာကြောင့် အခက်အခဲတွေနဲ့ တွေ့ကြုံခဲ့ရတာပါ။
လေယာဉ်ကိုယ်ထည်ပျက်ထဲ ၀င်ရောက်ရှာဖွေခဲ့တဲ့ ရေငုပ်သမားတွေ ရေဖိအားဆိုင်ရာ ဖျားနာမှုတွေ ဖြစ်ခဲ့ကြပြီးနောက်ပိုင်း ဒီကယ်ဆယ်ရေးလုပ်ငန်းတွေကို ရပ်နားလိုက်တာလည်း ဖြစ်ပါတယ်။
ဇန်န၀ါရီိ ၂၄ ရက်နေ့က လေယာဉ်ကိုယ်ထည်ပိုင်းကို မတင်ဖို့ ကြိုးစားခဲ့ကြပေမယ့် အပိုင်းပိုင်း ပြတ်ကျသွားခဲ့တာလည်း ဖြစ်ပါတယ်။
အဲအေးရှားခရီးစဉ်အမှတ် QZ8501 ဟာ အင်ဒိုနီးရှားနိုင်ငံကနေ စင်ကာပူနိုင်ငံကို ပျံသန်းရင်း ခရီးလမ်းတ၀က် မရောက်တရောက်မှာ ပျက်ကျခဲ့တာပါ။
လေယာဉ်မှတ်တမ်းသေတ္တာနဲ့ လေယာဉ်မှူးအသံဖမ်းစက်တွေကို ဆယ်ယူရရှိထားပြီး လာမယ့် ၁ ပတ်မှာ ပမာဏစစ်ဆေးတွေ့ရှိချက် အစီရင်ခံစာ ထုတ်ပြန်မယ်လို့ ဆိုပါတယ်။
လေယာဉ်မှတ်တမ်းသေတ္တာတွေက ရရှိတဲ့အချက်အလက်တွေအရ လေယာဉ်ဟာ မုန်တိုင်းကို ရှောင်ဖို့ အမြင့်ကို ပျံတက်တဲ့အချိန်မှာ ခရီးသည်တင်လေယာဉ်တစင်း ပျံတက်နိုင်တဲ့အရှိန်ထက် များခဲ့တယ်လို့ အင်ဒိုနီးရှားသယ်ယူပို့ဆောင်ရေးဝန်ကြီးက ပြောဆိုထားပါတယ်။
[gallery ids="79006,79007,79008,79009,79010"]