မန္တလေးနန်းတွင်းရှိ စစ်အကျဉ်းထောင်တွင် အစောင့်တာဝန်ကျတပ်မတော်သားတစ်ဦးကို အကျဉ်းသားတွေကသတ်ပြီး ထွက်ပြေး လွတ်မြောက်သွားမှု ဖြစ်ပွားခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ မြိုခံ သတင်းသမားတွေကပြောပါတယ်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ နန်းတွင်းစစ်အကျဉ်းထောင် စားဖိုဆောင်မှာ ဇန်န၀ါရီ ၂၅ ရက် နံနက် ၂ နာရီခန့်က အခင်းဖြစ်ပွားခဲ့တာဖြစ်ပြီး ဖြစ်စဉ်အသေးစိတ်နဲ့ ထွက်ပြေး လွတ်မြောက်သွားတဲ့ အကျဉ်းသားအရေအတွက်ကိုတော့ တိတိကျကျမသိရသေးပါဘူး။
မန္တလေး အမှတ် (၂) ရဲစခန်းတာဝန်ကျ ရဲတပ်ဖွဲ့ဝင်တဦးကတော့ “စစ်အကျဉ်းထောင်မှာ သူတို့ထဲက လူချင်း ဖြစ်သွားတာ။ ဖြစ်တော့ အဲဒီမှာ တယောက်ဆုံးသွားတယ်။ သေတဲ့လူက စစ်သားပဲ၊ သူတို့ ကတ်ကျေးနဲ့ ထိုးလိုက်လို့။ တစ်ခါထဲတော့ မသေဘူး ဆေးရုံရောက်မှသေတယ်လို့ ပြောတယ်။ မနက် ၄ နာရီခန့်လောက်က ဆုံးတယ်လို့ ပြောတယ်။ ဖြစ်စဉ်အသေးစိတ်ကတော့ မသိရသေးဘူး။ ကျနော်တို့ မြို့နယ်မှူးတို့၊ စခန်းမှူးတို့၊ နယ်ထိမ်းအဖွဲ့တွေလည်း လိုက်စုံစမ်းနေတုန်း”လို့ ဒီဗွီဘီကို ပြောပါတယ်။
မန္တလေးအခြေစိုက် သတင်းသမားတစ်ဦးကလည်း ‘မနက်လင်းအားကြီးမှာ စစ်အကျဉ်းထောင်က စစ်အကျဉ်းသား၈ယောက် ထွက်ပြေးလွတ်မြောက်သွားတယ်။ တပ်ကြပ်ကြီး တစ်ဦးကို အချွန်အတက်တွေနဲ့ လည်ပင်းလို့ ယူဆတဲ့နေရာမှာ ထိုးပြီးထွက်သွားတယ်လို့ သိရတယ်။ မနေ့ကတော့ မန္တလေးပြည်သူ့ဆေးရုံကြီးကနေ သင်္ဂြိုဟ်မယ်ဆိုပြီးတော့ မသင်္ဂြိုဟ်ဖြစ်ဖူးလို့ အဲဒီလောက်ပဲ သိရတယ်’ လို့ပြောပါတယ်။
ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး မန္တလေးနန်းတွင်းထဲက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဒီဗွီဘီက မေးမြန်းခဲ့ပေမယ့် တပ်မတော်တာဝန်ရှိသူများတွေက ပြန်လည်ဖြေကြားခဲ့ခြင်း မရှိပါဘူး။