ဂြိုဟ်သိမ်တခု ကမ္ဘာ့ကြီးကို ဘေးကင်းစွာ ကပ်ပြီး ဖြတ်သန်း

1.7K
အချင်း ကီလိုဝက်လောက်ရှိတဲ့ ဂြိုဟ်သိမ်တခု ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၆ ရက်နေ့က ကမ္ဘာ့ကြီးနဲ့ ကပ်ပြီး ဘေးကင်းကင်း ဖြတ်သန်းသွားခဲ့တယ်လို့ အမေရိကန် အမျိုးသား အာကာသသိပ္ပံ(နာဆာ)က ပြောပါတယ်။
ဂြိုဟ်သိမ်ဟာ လနဲ့ ကမ္ဘာ့အကွာအဝေးရဲ့ ၃ ဆဖြစ်တဲ့ မိုင်ပေါင်း ၇ သိန်း ၄ သောင်း ၅ ထောင်အကွာကနေ ဖြတ်သန်းသွားတာပါ။
ဂြိုဟ်သိမ် ဖြတ်သန်းသွားချိန်မှာ အဲဒီဂြိုဟ်သိမ်မှာ ကိုယ်ပိုင် လတစင်း ရှိနေတာကို သိပ္ပံပညာရှင်တွေ တွေ့ရှိခဲ့ပါတယ်။
၂၀၀၄ ဘီအယ်လ် ၈၆ လို့ နာမည်ပေးထားတဲ့ဂြိုဟ်သိမ်ကို အဝေးကြည့်မှန်ပြောင်း အသေးစားနဲ့ မြင်နိုင်ပါတယ်။
နေကို ၂ နှစ်နီးပါးတိုင်း ၁ ကြိမ် ပတ်နေတဲ့ ဒီဂြိုဟ်သိမ်ကို နယူးမက္ကဆီကိုပြည်နယ်က လီနီယာ အဝေးကြည့်မှန်ပြောင်း သုတေသနအဖွဲ့က လွန်ခဲ့တဲ့ ၁၁ နှစ်က ရှာတွေ့ခဲ့တာပါ။
ကမ္ဘာ့နားက ဖြတ်သွားတုန်းမှာ ဂြိုဟ်သိမ်ရဲ့ အရွယ်အစား၊ ပုံစံ၊ ဝင်ရိုးနဲ့ တခြား ဝိသေသ လက္ခဏာတွေကို လေ့လာဖို့ ရေဒါကို သုံးပြီး ဂြိုလ်သိမ်ရဲ့ မျက်နှာပြင်ကို မြေပုံထုတ်ဖို့ သိပ္ပံပညာရှင်တွေက စီစဉ်ခဲ့ကြပါတယ်။
ဒီဂြိုလ်သိမ်ဟာ ၁၉၉၉ ခုနှစ်ကနေ ခုချိန်ထိ ကမ္ဘာ့ဂြိုလ်နားကနေ ဖြတ်သွားတဲ့ ဂြိုလ်သိမ်တွေထဲမှာ အကြီးဆုံးလို့ နာဆာက ပြောပါတယ်။
နာဆာဟာ လောလောဆယ်မှာ ကမ္ဘာ့နဲ့ အတော်နီးနီး ဖြတ်သွားတဲ့ ဂြိုဟ်သိမ်ပေါင်း ၁၁၀၀၀ ကျော်ရဲ့ လမ်းကြောင်းတွေကို ခြေရာကောက်ခဲ့ ပြီးပါပြီ။ ကမ္ဘာ့ဂြိုလ်နားက ဖြတ်သွားတဲ့ ပတ်လမ်းပေါ်မှာ ရှိတဲ့ အကြီးဆုံးဂြိုဟ်သိမ် ၉၅ ရာခိုင်နှုန်းကျော်ဟာ အချင်း မိုင်ဝက်ကျော်တယ်လို့ နာဆာက ပြောပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၅ သန်းလောက်က အဲဒီဂြိုလ်သိမ်အရွယ် ရှိတဲ့ ဂြိုလ်သိမ်တလုံး မက္ကဆီကိုနိုင်ငံ ယုကာတန်ကျွန်းဆွယ်ကို ဝင်တိုက်မိလို့ ကမ္ဘာ့မြေပေါ်က ဒိုင်နိုဆောအပါအဝင် တခြားသက်ရှိတွေ ပျောက်ကွယ်ခဲ့တယ်လို့ ယုံကြည်ရတဲ့ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှု ဖြစ်ခဲ့ဖူးပါတယ်။
လွန်ခဲ့တဲ့ ၂ နှစ်ကလဲ ဂြိုဟ်သိမ်အသေးလေးတခု ရုရှားနိုင်ငံ လေထုထဲမှာ ပေါက်ကွဲခဲ့လို့ မှန်ကွဲနဲ့ အပျက်အစီးတွေ လွင့်ထွက်ခဲ့တဲ့အတွက် လူအယောက် ၁၅၀၀ လောက် ဒဏ်ရာရခဲ့ပါတယ်။
အဲဒီနေ့မှာပဲ တခြားဂြိုလ်သိမ်တခုက ဆက်သွယ်ရေး ဂြိုဟ်တုကွန်ရက်ထက် ပိုနီးတဲ့ ကမ္ဘာ့မြေနဲ့ မိုင် ၁ သောင်း ၇ ထောင့် ၂ ရာ အကွာကနေ ဖြတ်သန်းသွားခဲ့ပါတယ်။
[gallery ids="78902,78903,78904"]