ဆော်ဒီတွင် ဘုရင်သစ်တက်ပြီး လူတဦးကို ပထမဆုံး ခေါင်းဖြတ်စီရင်

2.2K
ဘုရင်သစ် ဆာမန် တက်ပြီးတဲ့နောက် ဆော်ဒီအာရေဗီးယား နိုင်ငံမှာအမျိုးသမီးအတော်များများကို မုဒိန်းကျင့်ခဲ့သူတဦးကို ခေါင်းဖြတ် စီရင်လိုက်ပါတယ်။
ဇန်န၀ါရီ ၂၇ ရက်က မူဆာအယ်ဇာရန်နီကို စီရင်လိုက်တာ ဖြစ်တယ်လို့ ပြည်ထဲရေး ၀န်ကြီးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး အေပီသတင်းမှာ ရေးပါတယ်။
အသက်မပြည့်တဲ့ကလေးတွေကို ဆွဲဆောင်ခဲ့ပြီး ကာမရာဂစိတ်ကို ဖြစ်စေတဲ့ ဗွီဒီယိုတွေကို အတင်းအကြပ် ကြည့်ရှုခိုင်းသလို ရုပ်ပိုင်းနဲ့ လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ မူဆာ အယ်ဇာရန်နီကို ပြည်ထဲရေးရဲ့ ထုတ်ပြန်ချက်မှာ စွပ်စွဲ ပြောဆိုထားပါတယ်။
အယ်ဇာရန်နီ ကလည်း တရားခွင်မှာ အပြစ်မရှိကြောင်း လျောက်ထားခဲ့ပါတယ်။ အရင်နှစ်တုန်းက အယ်ဇာရန်နီက ကွယ်လွန်သွားတဲ့ ဆော်ဒီဘုရင် အဗ္ဗဒူလာထံကို အသနားခံခဲ့ ပါသေးတယ်။
အယ်ဇာရန်နီရဲ့ ဆွေမျိုးတွေကတော့ ဒီဖြစ်ရပ်ဟာ လိုက်လျောညီထွေမှု မရှိသလို တရားရေးက သက်သေတွေကို မျှမျှတတ ချိန်ဆနိုင်ခြင်း မရှိဘူးလို့ ရုပ်သံ ဆွေးနွေးချက်မှာ ပြောပါတယ်။ ဒါအပြင် ဖြစ်ရပ်အတော်များများက အယ်ဇာရန်နီ ထောင်ကျနေစဉ်အတွင်း ကျူးလွန်တာ ဖြစ်တယ်လို့ ဆိုပါတယ်။