Home
မြန်မာသတင်း
သပိတ်မှောက်ကျောင်းသားများ မြင်းခြံကနေ တောင်သာကို ချီတက်
နော်နိုရင်း
·
January 27, 2015
အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်တဲ့ ကျောင်းသားလှုပ်ရှားမှုဟာ တနင်္သာရီ၊ မန္တလေး၊ မကွေးနဲ့ ဧရာဝတီတိုင်းဒေသကြီးတွေက စစ်ကြောင်းလေးကြောင်း ခွဲပြီး ရန်ကုန်မြို့ကို ဦးတည်ချီ တက်ဖို့ စုရုံးပြင်ဆင်နေကြပါတယ်။ [caption id="attachment_78855" align="alignright" width="462"]1378325_858296520899942_3761439504413322404_n ဓာတ်ပုံ - နတ်ရှင်နောင်[/caption] မန္တလေးက ချီတက်လာတဲ့ ကျောင်းသားသပိတ်ကတော့ မနေ့ညက မြင်းခြံမြို့က စွန်းလွန်းဂူ ကျောင်းမှာ ညအိပ်တည်းကိုပြီး ဒီမနက် ၉ နာရီလောက်မှာ မြင်းခြံကနေ တောင်သာမြို့ကို ဆက် လက်ချီတက်နေပါတယ်။ ကျောင်းသားထုအပါအ၀င် သူတို့ကိုဝန်းရံတဲ့ပြည်သူပေါင်း ၂၀၀၀ လောက် တောင်သာကို ချီတက် နေကြတာဖြစ်ပါတယ်။ တောင်သာမြို့ဘက်မှာလည်း လုံခြုံရေးတွေ တင်းကျပ်စွာချထားတယ်လို့ သတင်းရရှိကြောင်းနဲ့ ပြသနာဖြစ်လာရင် ဖြေရှင်ဖို့ ကော်မီတီတွေဖွဲ့ထားတယ်လို့ ဗကသ ကျောင်းသား ကိုမင်းမင်းဇော်က ပြောပါတယ်။ “ကျနော်တို့ဘက်ကတော့ အမာအခံအဖွဲ့တွေ ရွေးထားတယ်။ ပြဿ  နာဖြစ်ရင် ဦးဆောင်ရှင်းမယ့် ကော်မီတီ ၅ ဦးဖွဲ့ထားပါတယ်ဗျာ။” မနေ့ညက တောင်သာမြို့အ၀င်မှာ အရပ်ဝတ်တွေ ၀တ်ဆင်ပြီး လက်ပတ်နီတွေစည်းထားတဲ့ လုံခြုံရေးတွေ အများအပြားရှိနေတယ်လို့  မြင်းခြံမြို့ရောက် ကျောင်းသားခေါင်းဆောင်တွေက မနေ့ည သန်းခေါင်မတိုင်မီမှာ ဒီဗွီဘီကို  ပြောပြခဲ့ပါတယ်။  ဒါ့အပြင် မင်းခြံမြို့က ကျောင်းသားတွေ တည်းခိုတဲ့ စွန်းလွန်းဂူဘုန်းကြီးကျောင်းကို လုံခြုံရေးတွေက အရုဏ်မတက်ခင်မှာ  ၀င်ရောက်စီးနင်းနိုင်ဖွယ်ရှိ တယ်ဆိုတဲ့ ကောလာဟာလတွေ ပျံ့နှံ့ခဲ့ပေမယ့် တစုံတရာ ထူးခြားမှု မဖြစ်ခဲ့ပါဘူး။ မနေ့ညနေက သပိတ်မှာပါဝင်သူတွေက မြင်ခြံမြို့မှာ လှည့်လည်စည်းရုံးခဲ့ကြပြီး မြင်းခြံ ဒီကရီကောလိပ် ထဲမှာရှိတဲ့ နိုင်ငံတော်အလံကိုချပြီး ခွပ်ဒါင်းအလံကို တင်ခဲ့ပါတယ်။ ဒီ ကိစ္စနဲ့ပတ်သက်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးက တရားစွဲဆိုမယ်လို့ ပြောဆိုခဲ့ကြောင်းလည်း ကိုမင်းမင်းဇော်က ပြောပါ တယ်။ “မြို့နယ်အုပ်ချုပ်ရေးမှူးက ဒီအလံတင်တဲ့ကိစ္စနဲ့ပတ်သက်လို့ ဒါက တရားမ၀င်ဘူးဆိုတဲ့ပုံစံမျိုး နောက် ပြီးတော့ နိုင်ငံတော် ဂုဏ်သိက္ခာကျဆင်းတဲ့ပုံစံမျိုးရှိတဲ့အတွက် ဒါတရားစွဲမှဖြစ်မယ်လို့ သူက ပြော တယ်။ လောလောဆယ်တော့ တရားဝင် ရုံတင်တရားစွဲတာမရှိသေးဘူးဗျာ။” ဒီကျောင်းသားအဖွဲ့တွေ မြင်းခြံရှိနေချိန် နာရေးကူညီမှုအသင်း(ရန်ကုန်)က ဦးကျော်သူနဲ့အဖွဲ့ကလည်း ကျောင်းသားတွေကို လာရောက်ကူညီပြီး ကျန်းမာရေးစောင့်ရှောက်ဖို့ ကားတစီးထားပေးခဲ့တယ်လို့ လည်း ပြောပါတယ်။ “ဦးကျော်သူက မနေ့က လာသွားတယ်။ ဆေးဝါးတွေ လာလှူသွားတယ်။ သူ့နာရေးကူညီမှု အသင်းကားတစီး ထားခဲ့တယ်။ ဆေးဝါးစောင့်ရှောက်ပေးဖို့အတွက် ထားပေးခဲ့တယ်။ နောက်ပြီး ငှက်သိုက်လို့၊ ကြက်ပေါင်းရည်လိုဟာမျိုးတွေ၊ အားဖြည့်အချိုရေတွေ၊နောက် တယ်လီဖုန်း ဘေးလ်ကပ်တွေ လှူသွားပါတယ်ဗျာ။” အမျိုးသားပညာရေးဥပဒေကို ညှိနှိုင်းပြင်ဆင်နိုင်ရေးအတွက် အစိုးရ၊ လွှတ်တော်၊ နိုင်ငံလုံးဆိုင်ရာ ပညာရေး ပြုပြင်ပြောင်းလဲမှု ကွန်ရက်(အန်အန်အီးအာရ်)နဲ့ သပိတ်မှောက် ကျောင်းသား တွေရဲ့ ဒီမိုကရေစီ ပညာရေး ဖော်ဆောင်မှု ဦးဆောင်ကော်မတီတို့ ၄ ပွင့်ဆိုင် တွေ့ဆုံရေးကို တောင်းဆိုထားကြတာပါ။ အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်သပိတ်မှောက်ထားတဲ့ ကျောင်းသားတွေက တွေ့ဆုံ ဆွေးနွေးဖို့ ကမ်းလှမ်းတဲ့ ရက်ပေါင်း ၆၀ အလွန်မှာ အစိုးရမှ တစုံတရာ တုံ့ပြန်လာခြင်း မရှိတဲ့အတွက် နဂို ကြေညာထားတဲ့အတိုင်း မန္တလေး – ရန်ကုန် ခရီးရှည်ချီတက် သပိတ်ကို ဇန်န၀ါရီ ၂၀ ရက်နေ့မှာ စတင်ခဲ့တာ ဖြစ်ပါတယ်။ ဧရာဝတီတိုင်း၊ မကွေးတိုင်းနဲ့ တနင်္သာရီတိုင်းတွေက ကျောင်းသားတွေကလည်း အလားတူ သပိတ်စစ်ကြောင်းအသီးသီးနဲ့ ရန်ကုန်မြို့ ကို ထွက်ခွာဖို့ပြင်ဆင်နေကြပါတယ်။ မန်းတလေးမြို့ကနေ ရန်ကုန်မြို့ဆီ ချီတက်တဲ့ ကျောင်းသားသပိတ်ကို ဒီမိုကရေစီပညာရေးလှုပ်ရှားမူ ဦးဆောင်ကော်မတီက ဦးဆောင်တာဖြစ်ပြီး တောင်းဆိုချက် ၁၁ ချက် တောင်းဆိုထားပါတယ်။ တောင်းဆိုချက်တွေကတော့ - ၁။ ပညာရေးမူဝါဒနဲ့ ဥပဒေများ နည်းဥပဒေများ ဆက်စပ်ဥပဒေများ ရေးဆွဲရာတွင် ကျောင်းသား ကျောင်းသူ ကိုယ်စားလှယ်များ ဆရာ ဆရာမကိုယ်စားလှယ်များ ပါဝင်ရန် ကိစ္စ၊ ၂။ ကျောင်းသားသမဂ္ဂများ ဆရာသမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်းထူထောင် လှုပ်ရှားခွင့်နှင့် ၎င်းသမဂ္ဂများ တည်ရှိမူအပေါ် တရားဝင် အသိအမှတ်ပြုရေးကိစ္စ၊ ၃။ လက်ရှိပြဋ္ဌာန်းပြီးဖြစ်သော အမျိုးသားပညာရေးဥပဒေတွင်ပါဝင်သည့် အမျိုးသား ပညာရေး ကော်မရှင်နှင့် တက္ကသိုလ်များ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ ဖွဲ့စည်းထားခြင်းကိစ္စ၊ ၄။ ဒေသအလိုက်နဲ့ ကျောင်းအလိုက် လွတ်လပ်စွာ စီမံခန့်ခွဲနိုင်သည့် ပညာရေးဆိုင်ရာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိစ္စ၊ ၅။ လက်ရှိကျင့်သုံးနေသော စာမေးပွဲစနစ်နဲ့ တက္ကသိုလ်ဝင်ခွင့်များ ပြင်ဆင်ရန်ကိစ္စ၊ ၆။ ကျောင်းသားများ လွတ်လပ်စွာ စဉ်းစားတွေးခေါ်နိုင်ပြီး ကိုယ်တိုင် လေ့လာစူးစမ်း သင်ယူနိုင်သည့် သင်ကြားနည်းစနစ်များပြောင်းလဲရန်ကိစ္စ၊ ၇။ တိုင်းရင်းသားမျိုးနွယ်စုများ၏ ဘာသာစကားလွတ်လပ်ခွင့်နှင့် မိခင်ဘာသာစကားအခြေပြု  ဘာ သာစကားစုံ ပညာရေးစနစ်( mother tongue based multi-lingual education ) ကို အမျိုးသား ပညာရေးဥပဒေတွင် ထည့်သွင်းပြဌာန်းရန်ကိစ္စ၊ ၈။ မသန်စွမ်းကလေးများအပါအဝင် ကလေးအားလုံးအတွက် လူတိုင်းအကျူံးဝင်ပညာရေး ( inclusive education ) ကိစ္စ၊ ၉။ ကျောင်းသားအရေးအခင်းများကြောင့် ကျောင်းထုတ်ခံခဲ့ရသည့် ကျောင်းသားများ ကျောင်းပြန်လည် တက်ရောက်ခွင့်ကိစ္စ၊ ၁၀။ ပညာရေးအသုံးစရိတ်ကို တစ်နိုင်ငံလုံး အသုံးစရိတ်၏ ၂၀ ရာခိုင်နှုန်း သတ်မှတ်နိုင်ရေး ကိစ္စ၊ ၁၁။ အခမဲ့ မသင်မနေရပညာရေးစနစ်ကို မူလတန်းအဆင့် သာမက အလယ်တန်းအဆင့်အထိ တိုးမြှင့်ကျင့်သုံးရေးကိစ္စတွေပဲဖြစ်ပါတယ်။ အရပ်ဘက်အဖွဲ့ အစည်း (၆၄) ဖွဲ့က ကျောင်းသားတွေရဲ့ တောင်းဆိုချက်တွေဟာ နိုင်ငံ၏ အနာဂတ်ဒီမိုကရေစီပညာရေး စနစ်အတွက် အခြေခံကျပြီး အရေးပါတဲ့အတွက် အပြည့်အဝ ထောက်ခံကြောင်း  ဒီလ ၂၃ ရက်နေ့မှာ သဘောထားထုတ်ပြန်ခဲ့ပြီး အစိုးရအာဏာပိုင်တွေအနေနဲ့ မည်သည့်အကြမ်းဖက်ဖြေရှင်းမှုမျိုးကိုမှ လုံးဝမပြုလုပ်ဖို့ တောင်းဆိုခဲ့ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024