ဖိလစ်ပိုင်အစိုးရနှင့် မွတ်စလင်သူပုန်အုပ်စု တိုက်ပွဲအတွင်း ရဲအရာရှိ ၅၀ ဦး သေဆုံး

1.2K
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မဂင်းဒနောင်းဒေသမှာ ဗဟိုအစိုးရနဲ့ ငြိမ်းချမ်းရေး သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့တဲ့ မွတ်စလင်သူပုန်အုပ်စုတခုနဲ့ ဇန်န၀ါရီ ၂၅ ရက်နေ့က တိုက်ပွဲအတွင်း ရဲအရာရှိ အယောက် ၅၀ လောက် သေဆုံးခဲ့တယ်လို့ ဖိလစ်ပိုင် အရာရှိတွေက ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၆ ရက်နေ့က ပြောပါတယ်။
မိုရိုအစ္စလာမ္မစ်တပ်ဦး(အမ်အိုင်အယ်လ်အက်ဖ်)ဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေအတွက် အလဲအလှယ်အနေနဲ့ သူရဲ့ ပျောက်ကျားတပ်ကို ဖျက်သိမ်းပြီး လက်နက်တွေအပ်ဖို့ သဘောတူခဲ့တာပါ။
လူ ၁ သိန်း ၂ သောင်းကျော် သေခဲ့ပြီး လူ ၂ သန်းလောက် အိုးအိမ် စွန့်ခွာခဲ့ရတဲ့ ၄၅ နှစ်ကြာ ပဋိပက္ခ အဆုံးသတ်ရေး အားထုတ်မှုလည်း ဖြစ်ခဲ့ပါတယ်။
ပြည်ထဲရေးဝန်ကြီး မားရောက်ဇက်ကတော့ “အမ်အိုင်အယ်လ်အက်ဖ်တပ်တွေ လှုပ်ရှားတဲ့ မာမာစာပါနိုမြို့မှာ ပြိုင်ဘက်အဖွဲ့ ဖြစ်တဲ့ ဘန်စာမိုရို အစ္စလာမ်မစ်လွတ်မြောက်ရေးအဖွဲ့လဲ လှုပ်ရှားနေတာကို ယုံတယ်”လို့ ကိုတိုဘာတိုမြို့က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
တိုက်ပွဲအတွင်း ဖိလစ်ပိုင်ရဲတွေက လိုချင်နေတဲ့ မလေးရှား ဗုံးပညာရှင်နဲ့ ဖိလစ်ပိုင် အစ္စလာမ်မစ် စစ်သွေးကြွတို့ထဲက တယောက်သေဆုံးတဲ့ ဖြစ်နိုင်ချေရှိပေမယ့် သတင်း အချက်အလက်တိကျအောင် မျိုးဗီဇစစ်ဆေးမှုကို လုပ်နေတယ်လို့ ရောက်ဇက်စ်က ဆက်ပြောပါတယ်။
မဂင်းဒနောင်းခရိုင်တွင်း ၁၂ နာရီကြာ ပစ်ခတ်တိုက်ခိုက်မှုအတွင်း ရဲအရာရှိ ၄၉ ယောက်နဲ့ သူပုန် ၈ ယောက် သေဆုံးတယ်လို့ အခင်းဖြစ်ရာနေရာက အစီရင်ခံစာတွေက ဆိုပါတယ်။ အာဏာပိုင်တွေကတော့ ရဲအရာရှိအလောင်း အနည်းဆုံး ၄၃ လောင်းကို ပြန်ရပြီလို့ ပြောပါတယ်။
သူပုန်တွေဘက်က ငြိမ်းချမ်းရေးအဖွဲ့ဝင် မိုဟာဂါ အစ်ဘယ်လ်က ရဲတွေဟာ အပစ်အခတ် ရပ်စဲရေး ကော်မတီနဲ့ ညှိုနှိုင်းလှုပ်ရှားဖို့ ပျက်ကွက်တယ်လို့ ပြောပါတယ်။
၂၀၁၄ မတ်လက အစိုးရနဲ့ သူပုန်ကြား လက်မှတ်ထိုးထားတဲ့ အပစ်အခတ်ရပ်စဲရေး အပေါ် အများပြည်သူက တုံ့ပြန်မှာ စိုးရိမ်နေလို့ ၂ ဖက်လုံးက ငြိမ်းချမ်းရေးအစီအစဉ်တွေ ဆက်လုပ်ဖို့နဲ့ တင်းမာမှုတွေ ဖြေလျော့ရေး ကြိုးစားနေကြပါတယ်။
[gallery ids="78847,78848,78849,78850,78851"]