ပင်လယ်သမုဒ္ဒရာတွေကို ဖြတ်သန်း ပျံသန်းတဲ့လေယာဉ်တွေမှာ အဆင့်မြင့်တဲ့ နောက်ယောင်ခံ ရှာဖွေရေးကိရိယာတွေ တပ်ဆင်ဖို့ အမေရိကန် သယ်ယူ ပို့ဆောင်ရေး ဘေးကင်းလုံခြုံရေးဘုတ်အဖွဲ့က ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၂ ရက်နေ့က အကြံပြု တောင်းဆိုလိုက်ပါတယ်။

ဒီအကြံပြုလွှာကို အမေရိကန်အစိုးရ လေကြောင်းအာဏာပိုင်တွေကို တင်သွင်းလိုက်တာပါ။
ဘုတ်အဖွဲ့ရဲ့ အကြံပြုချက်တွေထဲမှာ ရေအောက်ရှာဖွေရေး Signal တွေ ထုတ်လွှင့်မှု အနည်းဆုံး သက်တမ်း ၃ လ ခံဖို့၊ လေယာဉ်ပျက်ကျတဲ့နေရာကနေ မိနစ်တိုင်း စာပေးပို့တဲ့ စနစ်ထည့်သွင်းဖို့တွေ ပါဝင်ပါတယ်။
ဒါပေမယ့် ဒီအဆင့်မြင့်တဲ့ ကိရိယာတွေ တပ်ဆင်ရင် လေယာဉ်တစီးရဲ့ ကုန်ကျစရိတ်က ပိုမြှင့်လာမှာ ဖြစ်တဲ့အတွက် ကမ္ဘာ့လေကြောင်းလိုင်းတွေက ကန့်ကွက်နိုင်တယ်ဆိုပြီးတော့လည်း သုံးသပ်မှုတွေ ရှိပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင်း အာရှနိုင်ငံတွေက လေကြောင်းလိုင်းတွေ ပျက်ကျပျောက်ဆုံးမှုတွေ ဖြစ်ခဲ့ပြီး ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းတွေ အချိန်ကြာမြင့်လွန်းတာကြောင့် အခုလို အဆိုပြုမှုတွေ ပေါ်ထွက် လာတာပါ။
ပြီးခဲ့တဲ့နှစ်က မလေးရှားလေကြောင်းလိုင်း MH370 ဟာ ခရီးသည် ၂၃၉ ဦး၊ လေယာဉ်ဝန်ထမ်းတွေနဲ့ ပျောက်ဆုံးသွားခဲ့တာ အခုအချိန်အထိ အစအနတောင် မတွေ့သေးပါဘူး။
ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက ပျက်ကျခဲ့တဲ့ အဲအေးရှားလေယာဉ်ဟာလည်း ပျက်ကျခဲ့ပြီး ၁ လနီးပါး ကြာမြင့်လာတဲ့အထိ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ လုံးပမ်းနေရဆဲ ဖြစ်ပါတယ်။