အိန္ဒိယ၏ နျူးကလီယားနည်းပညာများကို အမေရိကန် ထောက်ပံ့ကူညီမည်

1.2K
အမေရိကန်သမ္မတအိုဘားမားရဲ့ အိန္ဒိယခရီးစဉ်မှာ အမေရိကန်ကုမ္ပဏီတွေက အိန္ဒိယနိုင်ငံကို နျူးကလီယားနည်းပညာတွေ ထောက်ပံ့ကူညီဖို့ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၅ ရက်နေ့က သဘောတူညီမှု ရရှိခဲ့ပါတယ်။
ဒီနျူးကလီးယားအစီအစဉ်ဟာ အမေရိကန်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့ ၂၀၀၈ ခုနှစ်ကတည်းက သဘောတူညီထားခဲ့တဲ့ အစီအစဉ် ဖြစ်ပေမယ့် အိန္ဒိယနျူးကလီးယားလုံခြုံရေးအပေါ် အမေရိကန်နိုင်ငံက စိတ်မချဖြစ်ခဲ့တာပါ။
အခုတော့ ဘာမှ ထပ်ပြီး ပြုပြင်စရာ မလိုတော့အောင် စိတ်ချရတဲ့ နျူးကလီယား ဘေးအန္တရာယ်လုံခြုံရေးဥပဒေတွေ ချမှတ်ခဲ့ပြီး ဒီအရပ်ဖက် နျူးကလီးယား အစီအစဉ်ကို စတင်တော့မှာ ဖြစ်ပါတယ်။
ဝန်ကြီးချုပ်မိုဒီက နှစ်နိုင်ငံ ယုံကြည်မှုသစ်တွေနဲ့ ခရီးသစ်ကို စတင်လိုက်ပြီလို့ သတင်းထောက်တွေနဲ့ တွေ့ဆုံခန်းမှာ ပြောဆိုပါတယ်။
နှစ်နိုင်ငံ ကုန်သွယ်မှုက ၁ နှစ် လက်ရှိ အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀ ကနေ အဆ ၅ ဆ တိုးမြှင့်ဖို့လည်း နှစ်နိုင်ငံ ခေါင်းဆောင်တွေ သဘောတူခဲ့ကြပါတယ်။
အိန္ဒိယနိုင်ငံကို အမေရိကန်နိုင်ငံရဲ့ စစ်ဖက်ပစ္စည်းတွေ ရောင်းချဖို့နဲ့ အကြမ်းဖက်မှုကို နှစ်နိုင်ငံ ပူးပေါင်းနှိမ်နှင်းဖို့လည်း အစီအစဉ်တွေ ချမှတ်နိုင်ခဲ့ကြပါတယ်။
ဒါအပြင် အရပ်ဖက်သုံး နျူးကလီးယား နည်ပညာမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ဖို့လည်း သဘောတူ လက်မှတ်ရေးထိုးခဲ့ပါတယ်။
သမ္မတအိုဘားမားရဲ့ ခရီးစဉ်အတွင်း အိန္ဒိယနိုင်ငံရဲ့ လုံခြုံရေးကို အဆင့်အမြင့်ဆုံး တင်ထားပါတယ်။
ဇန်န၀ါရီ ၂၆ ရက် ဒီနေ့မှာတော အိန္ဒိယသမ္မတနိုင်ငံ ထူထောင်ခြင်းအခမ်းအနားကို သမ္မတ အိုဘားမား တက်ရောက်မှာ ဖြစ်ပြီး အခမ်းအနားကျင်းပမယ့် အိန္ဒိယဂိတ်နဲ့ ဘုရင့်လမ်းမှာ လုံခြုံရေး အထပ်ထပ် ချထားပြီး အများပြည်သူ ဖြတ်သန်းသွားလာမှုကိုလည်း ပိတ်ထားပါတယ်။
ဇန်န၀ါရီ ၂၅ ရက်နေ့က သမ္မတအိုဘားမား ကွယ်လွန်သူ အိန္ဒိယနိုင်ငံ ဗိသုကာကြီး မဟတ္တမ ဂန္ဒီရဲ့ အထိမ်းအမှတ်ဗိမာန်မှာ သွားရောက် ပန်းခွေချခဲ့ပြီး ငြိမ်းချမ်းရေးသစ်ပင်စိုက်ခဲ့ပါတယ်။
အပြန်ခရီးမှာတော့ ဆော်ဒီအာရေဗျနိုင်ငံကို ၀င်ရောက်ပြီး ဘုရင်အဗ္ဗဒူလာရဲ့ ဈာပန အခမ်းအနားကို တက်ရောက်ဖို့ ရှိတာကြောင့် သမ္မတအိုဘားမားရဲ့ တက်ခ်ျမဟာဂူဗိမာန် သွားရောက်မယ့်အစီအစဉ်ကိုလည်း ဖျက်သိမ်းလိုက်ပါတယ်။
[gallery ids="78745,78746,78747,78748,78749"]