ထိပ်တန်းအဆင့် ဆေးရုံ ၂ ရုံကို ထိုင်းဆေးရုံအုပ်စု မြန်မာတွင် တည်ဆောက်မည်



1.2K
မြန်မာနိုင်ငံမှာ ထိပ်တန်းအဆင့် ဆေးရုံ ၂ ရုံ ဆောက်လုပ်ဖို့အတွက် နောက်တပတ် ရန်ကုန်မှာ ဂမုန်းပွင့်ကုမ္ပဏီအဖွဲ့နဲ့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးဖို့ မျှော်လင့်ထားတယ်လို့ ထိုင်းနိုင်ငံက ထွန်ဘူရီ ဆေးရုံအုပ်စု (THG) က ပြောပါတယ်။
အခုတည်ဆောက်မယ့် ဆေးရုံ ၂ ရုံအတွက် အမေရိကန်ဒေါ်လာ သန်း ၁၀၀ အကုန်အကျခံ သုံးစွဲသွားမယ်လို့ ထွန်ဘူရီ ဆေးရုံအုပ်စုရဲ့ပိုင်ရှင် ဒေါက်တာ ဘွန်ဝနာဆင်က ဘန်ကောက်ပို့စ် သတင်းစာကို ပြောပါတယ်။
ထိုင်းနိုင်ငံရဲ့ တတိယအကြီးဆုံး ပုဂ္ဂလိက ဆေးရုံအုပ်စုဖြစ်တဲ့ ထွန်ဘူရီဆေးရုံအုပ်စုဟာ ထိုင်းနိုင်ငံမှာ ဆေးရုံပေါင်း ၂၂ ခု နဲ့ ပြည်ပမှာလည်း ကုတင် ၃ ထောင်ဆံ့ ပေါင်းစပ်ဆေးရုံတခု ဖွင့်လှစ်ထားပါတယ်။ ဆေးရုံသစ် ၂ ရုံအတွက် ထွန်ဘူရီအုပ်စုက ၄၀ ရာခိုင်နှုန်း၊ ဂမုန်းပွင့်အုပ်စုက ၆၀ ရာခိုင်နှုန်း ပိုင်ဆိုင်မှုရရှိဖို့ မျှော်လင့်ထားတယ်လို့လည်း ဒေါက်တာဘွန်က ဆိုပါတယ်။
ကုတင် ၄၀၀ဆန့် ဆေးရုံ ၂ ရုံကို ၂၀၁၄ ဒီဇင်ဘာလမှာ စတင်ဆောက်လုပ်ခဲ့ပြီး နှစ်အနည်းငယ်အတွင်း အပြီးသတ်ဖို့ မျှော်လင့်ထားတယ်လို့လည်း ဆိုပါတယ်။ ဒီစီမံကိန်းတွေကနေ မြန်မာနိုင်ငံမှာ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်အတန်း တိုးတက်မြင့်မားအောင်နဲ့ မြန်မာနိုင်ငံသား တွေ ငွေကြေးအများကြီး သုံးစွဲကုန်ကျပြီး ထိုင်းနိုင်ငံထိ ဆေးလာကုရမယ့်စရိတ်တွေကို သက်သာအောင် ကူညီပေးနိုင်မယ်လို့ မျှော်လင့်ကြောင်းလည်း ဒေါက်တာဘွန်က ပြောပါတယ်။
ဒါ့အပြင် ထိုင်းနိုင်ငံကို လာသူတွေထဲမှာ အနောက်နိုင်ငံသားတွေနဲ့ အာရပ်နိုင်ငံသားတွေပြီးရင် ဆေးလာကုကြတဲ့ မြန်မာလူမျိုးတွေက အများဆုံးပဲလို့လည်း ဆိုပါတယ်။
[gallery ids="78680,78681,78682"]