ဗင်နီဇွဲလားသမ္မတ မာဒူရိုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ကရာကတ်မြို့တော်မှာ မနေ့က ပြန်လည်ဖြစ်ပွားခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်က ဗင်နီဇွဲလားနိုင်ငံ စီးပွားရေးယိုယွင်းလာမှုကို အကြောင်းပြုပြီး လနဲ့ချီတဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက် ဒီဆန္ဒပြပွဲကတော့ အခုနှစ်အတွင်း ပထမဆုံးဆန္ဒပြပွဲတွေ ဖြစ်ပါတယ်။
ဇန်န၀ါရီ ၂၄ ရက်နေ့က ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွဟာ အခြေခံစားကုန်တွေ ပြတ်လပ်မှုကို ပြသတဲ့အနေနဲ့ အိုးခွက်ပန်းကန်တွေကို တီးခေါက်ဆန္ဒပြခဲ့ကြပါတယ်။
မြို့လယ်ကို ဆန္ဒပြသူတွေ မသွားရောက်နိုင်အောင် ရဲလုံခြုံရေတွေက ပိတ်ဆို့ခဲ့ကြပေမယ့် ပဋိပက္ခဖြစ်ပွားခဲ့ခြင်းတော့ မရှိခဲ့ပါဘူး။
အတိုက်အခံခေါင်းဆောင် မာရီယာ ကိုရီနာ မာချဒို (Maria Corina Machado) က ဗင်နီဇွဲလားပြည်သူတွေ ညီညီညွတ်ညွတ်နဲ့ ရှေ့တက်လှမ်း ချီတက်နိုင်အောင် သမ္မတ မာဒူရိုအနေနဲ့ လမ်းဖယ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ဗင်နီဇွဲလားနိုင်ငံ စီးပွားရေးကျဆင်းမှုကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက တရားဝင်ကြေညာခဲ့ပါတယ်။
ငွေဖောင်းပွမှု မြင့်မားလာမှု၊ ရာဇ၀တ်မှု ထူပြောလာမှု၊ အခြေခံစားကုန်ပြတ်လပ်မှုတို့ကို ဆန္ဒပြသူတွေက အဓိက ပြစ်တင်ဝေဖန်ခဲ့ကြတာပါ။
ဗင်နီဇွဲလားနိုင်ငံရဲ့ ငွေဖောင်းပွနှုန်းဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလက ၁ နှစ်အတွင်း ၆၃ ရာခိုင်နှုန် ကျော်ရှိခဲ့ပြီး ကမ္ဘာ့ငွေဖောင်းပွနှုန်း အမြင့်ဆုံးနိုင်ငံ ဖြစ်လာပါတယ်။
ဒီကြားထဲ ကမ္ဘာ့ရေနံဈေး ကျဆင်းခဲ့တာကြောင့် ရေနံထုတ်လုပ်မှုအပေါ် မှီခိုနေတဲ့ ဗင်နီဇွဲလားနိုင်ငံရဲ့ စီးပွားရေးကို အကြီးအကျယ်ထိခိုက်ခဲ့ပါတယ်။
သမ္မတ မာဒူရိုကတော့ ကမ္ဘာ့ရေနံဈေးတွေ ကမောက်ကမဖြစ်အောင် အမေရိကန်နိုင်ငံက လုပ်ဆောင်တာဖြစ်ပြီး ရုရှားနိုင်ငံကို စီးပွားရေးစစ်ပွဲ ဆင်နွှဲနေတဲ့အတွက် အခုလိုဖြစ်ရတာလို့ စွပ်စွဲနေပါတယ်။