ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အသစ်တဖွဲ့ ဥပဒေနဲ့အညီပြန်လည်ဖွဲ့စည်းပေးဖို့ လူထုလက်မှတ်ထိုးတောင်းဆိုလှုပ်ရှားမှုတရပ် ရန်ကုန်မှာ ဒီနေ့ စတင်လိုက်ပါတယ်။
ဒီလှုပ်ရှားမှုကို ပြည်သူ့လှုပ်ရှားမှုမြှင့်တင်ရေးကွန်ရက်က ဦးဆောင်ပြုလုပ်တာဖြစ်ပြီး ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၆၉ ရပ်ကွက်ရှိ အမေ့အိမ်ကျောင်းခန်းမမှာ မွန်းလွဲ ၁၂ နာရီက စတင်လိုက်တာလို့ ကွန်ရက်ပြောခွင့်ရ ကိုမြတ်ကျော်က ပြောပါတယ်။
လက်ရှိရွေးကောက်ပွဲကော်မရှင်ဟာ အရင်စစ်ကောင်စီအမိန့် ညွှန်ကြားချက်နဲ့ ဖွဲ့စည်းထားတာမို့ ရွေးကောက်ပွဲဥပဒေနဲ့အညီ ကော်မရှင်အသစ်တရပ်ဖွဲ့ပေးဖို့ တောင်းဆိုရတာလို့ သူက ပြောပါတယ်။

“လက်ရှိ ပြည်ထောင်စုရွေးကောက်ပဲကော်မရှင်ကို ၂၀၁၀ က ဖွဲ့စည်းခဲ့တာ။ အဲ့ဒီအချိန်တုန်းက ရွေးကောက်ပွဲဥပဒေ မထွက်သေးဘူးဗျ။ ၂၀၁၂ ကျမှ ရွေးကောက်ပွဲဥပဒေက ထွက်လာတာ။ အဲ့ဒါကြောင့် ဒီဥပဒေနဲ့အညီ ပြန်ပြီးဖွဲ့ပေးဖို့ ဒီနေ့အခမ်းအနားမှာပဲ ပြည်သူ့လက်မှတ်ရယူမယ်၊ နောက်ပြီး ဥပဒေအရ ဘာကြောင့် တရားမ၀င်ဘူးဆိုတဲ့ အချက်အလက်ပါ စာတမ်းတွေလည်း ဝေငှသွားမှာ ဖြစ်ပါတယ်။”
ရန်ကုန်တိုင်းထဲရှိ ခရိုင် ၃ ခုမှာ အလားတူလှုပ်ရှားမှုတွေ ပြုလုပ်ပြီး လက်မှတ်ကောက်ယူသွားမယ်လို့ ဆိုပါတယ်။ ဒီနေ့ကစ ၃ လအတွင်း လက်မှတ်စုဆောင်းကောက်ယူပြီး သမ္မတနဲ့ ပြည်ထောင်စုလွှတ်တော်ကို ပေးပို့သွားမယ်လို့ ပြောပါတယ်။
ရန်ကုန်က တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်ကလည်း ဥပဒေနဲ့အညီ လွတ်လပ်တဲ့ ရွေးကောက်ပွဲကော်မရှင်တရပ် ပြန်လည်ဖွဲ့စည်းနိုင်မှပဲ ၂၀၁၅ ရွေးကောက်ပွဲ တရားမျှတမှု ရှိလိမ့်မယ်လို့ ပြောပါတယ်။
“လွတ်လပ်ပြီး သီးခြားကော်မရှင်တရပ်ဖြစ်ဖို့အတွက် နိုင်ငံတကာစံချိန်စံညွှန်းနဲ့ ကိုက်ညီတဲ့ ကော်မရှင်ဖြစ်ဖို့ဆိုရင် လက်ရှိကော်မရှင်က လူတွေအားလုံးဖယ်ပြီး လွတ်လပ်တဲ့ ကော်မရှင်တရပ်ကို အမြန်ဆုံးဖွဲ့စည်းနိုင်မှ ၂၀၁၅ ရွေးကောက်ပွဲမှာ မျှတမှု ရှိတယ်၊ မရှိဘူးကို ကိုင်တွယ်သုံးသပ်ဆုံးဖြတ်လို့ရမှာ ဖြစ်ပါတယ်။”
လက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီက ဥပဒေအမှတ် ၁/ ၂၀၁၀ နဲ့ (၈-၃-၂၀၁၀)မှာ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။