ယူကရိန်း ဆိပ်ကမ်းမြို့တွင် လက်နက်ကြီးကျည်များ ကျရောက်၊ ၁၀ ဦးသေဆုံး

1.6K
ယူကရိန်းနိုင်ငံ အရှေ့တောင်ပိုင်းက ဆိပ်ကမ်းမြို့တမြို့ဖြစ်တဲ့ မာရီယူပိုမြို့ (Mariupol) မှာ ဇန်န၀ါရီ ၂၄ ရက်နေ့က လက်နက်ကြီး ဒုံးကျည်တွေ ကျရောက်ပေါက်ကွဲလို့ မြို့ခံအနည်းဆုံး ၁၀ ဦး သေဆုံးသွားတယ်လို့ မြို့နယ်ရဲမှူးက ပြောပါတယ်။
ရုရှားလိုလားသူ သူပုန်တွေက ပစ်ခတ်လိုက်တဲ့ ဂရက်ဒုံးကျည်တွေ အတွဲလိုက် မြို့အရှေ့ပိုင်းက ဈေးတခုမှာ ကျရောက်ပေါက်ကွဲခဲ့တာလို့ ပြောပါတယ်။
သူပုန်တပ်ဖွဲ့ပြောခွင့်ရသူကတော့ မာရီယူပိုမြို့ဘက်ကို၊ ပစ်ခတ်ခြင်းလည်း မရှိခဲ့သလို၊ လူနေထူထပ်တဲ့နေရာတွေကိုလည်း ဒုံးကျည်ပစ်ခတ်မှုမရှိကြောင်း၊ ဒါဟာ အစိုးရက လိမ်ညာဝါဒဖြန့်တာလို့ တုံ့ပြန်ပြောဆိုပါတယ်။
မာရီယူပိုမြို့မှာ လူဦးရေ ၅ သိန်းနေထိုင်ပြီး သူပုန်တွေ ထိန်းချုပ်ထားတဲ့ဒေသတွေနဲ့ ပြီးခဲ့တဲ့နှစ်က ရုရှားကသိမ်းပိုက်ခဲ့တဲ့ ခရိုင်မီယာကြားက မဟာဗျူဟာကျတဲ့နေရာမှာ တည်ရှိတာပါ။ ပြီးခဲ့တဲ့နှစ် သြဂုတ်လတုန်းကလည်း မာရီယူပိုမြို့မှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ် ဧပြီလက စတင်ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်မှာ သေဆုံးသူ ၅ ထောင် ကျော်သွားခဲ့ပြီး ဒေသခံ ၁ သန်းကျော်ဟာ နေရပ်စွန့်ခွာခဲ့ကြရပါတယ်။
ရုရှားနိုင်ငံနဲ့ ကပ်လျက်ပြည်နယ်ကြီး ၂ ခုဖြစ်တဲ့ ဒေါ့စ်ညှက်နဲ့ လူးဟန့်စ်ဒေသတွေကို သူပုန်တွေက ထိန်းချုပ်ထားပါတယ်။
သူပုန်ခေါင်းဆောင်က သူပုန်တပ်ဖွဲ့တွေ ထိုးစစ်ဆင်နွှဲနေပြီး ယူကရိန်းအစိုးရနဲ့ ဆွေးနွေးရေးမလုပ်ဘူးလို့ ဇန်န၀ါရီ ၂၃ ရက်နေ့က ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက ဘယ်လာရုဒ်နိုင်ငံမှာ နှစ်ဖက်အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုး ခဲ့ကြပေမယ့် ဘယ်ဘက်ကမှ တိတိကျကျလိုက်နာတာ မရှိခဲ့ပါဘူး။
ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်း ဒေါ့စ်ညှက်လေဆိပ်မှာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး အပစ်အခတ်ရပ်စဲရေးမတိုင်ခင် အရင်အခြေအနေကို ပြန်ရောက်မယ့်ပုံရှိနေတယ်လို့ သတင်းတွေက ဆိုပါတယ်။
သတင်းဓာတ်ပုံ - ရိုက်တာဗွီဒီယို
[gallery ids="78551,78552,78553,78554,78555,78556,78557,78558"]