ဆော်ဒီဘုရင်သစ်ဖြစ်လာတဲ့ ဘုရင် ဆော်လမန် (Salman) က အရင်ဆော်ဒီဘုရင်တွေ ချမှတ်သွားတဲ့ မူဝါဒတွေအတိုင်း ဆက်လက်ကျင့်သုံးသွားမယ်လို့ ထီးနန်းကို လက်ခံခဲ့အပြီး ဇန်န၀ါရီ ၂၃ ရက်နေ့က ကတိပြုပြောဆိုခဲ့ပါတယ်။

ဆော်ဒီအာရေးဘီးယား နိုင်ငံ စတင်ထူထောင်ချိန်ကစလို့ ဆော်ဒီဘုရင်တွေ ချမှတ်ထားတဲ့လမ်းစဉ်တွေအတိုင်း ဆက်လက်ကျင့်သုံးသွားမယ်လို့ ရုပ်မြင်သံကြားမိန့်ခွန်းမှာ ပြောဆိုခဲ့တာပါ။
တချိန်တည်းမှာပဲ ထီးနန်းအမွေကို ဆက်ခံမယ့်သူတွေနဲ့ မင်းညီမင်းသားတွေကို အစိုးရ၀န်ကြီးအဖြစ်လည်း ခန့်အပ်ခဲ့ပါတယ်။
အသက် ၇၀ နီးပါးရှိပြီဖြစ်တဲ့ ညီအစ်ကိုတော်စပ်သူ မင်းသား မက္ကရင်း (Muqrin) ကို ဆော်ဒီအိမ်ရှေ့စံအဖြစ် ခန့်အပ်ခဲ့ပြီး လက်ရှိပြည်ထဲရေးဝန်ကြီးဖြစ်တဲ့ အသက် ၅၅ နှစ်အရွယ် မင်းသား မွတ်ဟာမက် ဘင် နာရက်ဖ် Mohammed bin Nayef ကို တွဲဖက်အိမ်ရှေ့မင်းအဖြစ် တခါတည်းခန့်အပ်ခဲ့ပါတယ်။
အိမ်ရှေ့စံမင်းသား မက္ကရင်း Muqrin ဟာ ခေတ်သစ် ဆော်ဒီအာရေးဘီးယားနိုင်ငံကို ထူထောင်ခဲ့တဲ့ ဘုရင် အဗ္ဗဒူလာ King Abdulaziz ရဲ့ မြေးတော်စပ်သူဖြစ်ပါတယ်။
ဆော်ဒီအိမ်ရှေ့စံခန့်အပ်တဲ့နေရာမှာ ပထမဘုရင် အဗ္ဗဒူလာ King Abdulaziz ရဲ့ သားတော်ကို ဦးစားပေခန့်အပ်ခဲ့တာဖြစ်ပေမယ့် အခုတော့ သက်ရှိထင်ရှားရှိသူက သိပ်မကျန်တော့တာလည်းဖြစ်ပါတယ်။
လက်ရှိဘုရင် ဆယ်လ်မန်ရဲ့ အသက် ၃၄ နှစ်အရွယ် သားတော် မွတ်ဟာမက် ဘုရင်ဆော်လမန် Mohammed bin Salman ကို ကာကွယ်ရေးဝန်ကြီးအဖြစ်လည်း ခန့်အပ်ခဲ့ပါတယ်။
ကွယ်လွန်သူဘုရင် အဗ္ဗဒူလာ ရဲ့ ဈာပနအခမ်းအနားကို ဇန်န၀ါရီ ၂၃ ရက်နေ့ ဘုရားရှိခိုးပွဲအပြီး ရီးယက်မြို့မှာပဲ သင်္ဂြိုဟ်ခဲ့ပါတယ်။
ဆော်ဒီဘုရင်တွေဟာ ကမ္ဘာ့အချမ်းသာဆုံးဘုရင်တွေဖြစ်ပြီး သက်ရှိထင်ရှားရှိချိန်မှာ အခမ်းနာအထည်ဝါဆုံး နန်းတော်တွေနဲ့ နေထိုင်ကြသလောက် ကွယ်လွန်ချိန်မှာတော့ ဘာသာရေးထုံးစံကို အတိအကျလိုက်နာပြီး အရိုးရှင်းဆုံးသင်္ဂြိုဟ်ကြပါတယ်။
ဘုရင်သစ် ဆော်လမန်ဟာ ဆော်ဒီအိမ်ရှေ့စံနဲ့ ကာကွယ်ရေးဝန်ကြီးမဖြစ်ခင် ဆော်ဒီအာရေးဘီးယားနိုင်ငံရဲ့ ရီးယာက့်ပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ် ၄၈ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။