အီဘိုလာအမြစ်ပြတ်ကုသရေး ကန်ဒေါ်လာ ၁ ဘီလီယံ ထပ်မံလိုအပ်

827
အနောက်အာဖရိကမှာ ဖြစ်ပွားနေတဲ့ အီဘိုလာရောဂါကို အမြစ်ပြတ်ကုသရေး နောက်ထပ် အမေရိကန်ဒေါ်လာ ၁ ဘီလီယံ လိုအပ်သေးတယ်လို့ အီဘိုလာရောဂါဆိုင်ရာ ကုလသမဂ္ဂ ကိုယ်စားလှယ်က ဇန်န၀ါရီလ ၂၁ ရက်နေ့က ပြောဆိုပါတယ်။
ရောဂါတိုက်ဖျက်ရေး ကြိုးပမ်းနေကြတဲ့ WHO၊ UNICEF နဲ့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကြီးတို့က လိုအပ်နေတယ်လို့ ဆွစ်ဇာလန်နိုင်ငံ Davos မြို့မှာ ကျင်းပတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ ပြောဆိုခဲ့တာပါ။
ပြီးခဲ့တဲ့နှစ် မတ်လကစပြီး လူပေါင်း ၂ သောင်း ၁ ထောင်ကျော် အီဘိုလာရောဂါကူးစက်ခံရပြီး အဲ့ဒီထဲက ၈၄၀၀ လောက် သေဆုံးခဲ့ကြပါတယ်။
အခုတော့ အီဘိုလာရောဂါ ကူးစက်နှုန်း နှေးကွေးကျဆင်းသွားပေမယ့် လူမသိ၊ သူမသိ ရောဂါကူးစက်ခံရသူတွေကို လိုက်လံရှာဖွေကုသရေး အဓိကတာဝန်တရပ် ကျန်သေးတယ်လို့ ကုလသမဂ္ဂကိုယ်စားလှယ် David Nabarro က ပြောဆိုပါတယ်။
ဒါကြောင့် လာမယ့်လတွေအ တွင်း ရောဂါကူးစက်ခံရသူတွေ၊ သူတို့နဲ့ ထိတွေ့ခဲ့သူတွေကို လိုက်လံရှာဖွေကုသရေး ဦးစားပေးလုပ်ဆောင်မှာဖြစ်ပြီး ကူးစက်ရောဂါကျွမ်းကျင်သူ အယောက် ၁၀၀၀ လောက်လိုအပ်ကောင်း လိုအပ်နိုင်မယ်လို့လည်း ပြောဆိုပါတယ်။
အခုအချိန်ဟာ ရောဂါအမြစ်ပြတ်ကုသနိုင်ရေး စတင်မျှော်မှန်းလို့ရတဲ့ အချိန်အခါဖြစ်ပြီး အခြေအနေကောင်းတွေလည်း ရရှိနေပြီလို့ Nabarro က ပြောဆိုပါတယ်။
တဖက်မှာလည်း ရောဂါကို ရှေ့တန်းက ကုသနေကြတဲ့ ဆေးဝန်ထမ်းတွေနဲ့ အရေးပေါ်ကုသရေး လိုအပ်နေသူတွေအတွက် ကမ္ဘာ့ဆေးကုမ္ပဏီကြီးတွေနဲ့ သုတေသနအေဂျင်စီတွေလည်း အီဘိုလာ ကာကွယ်ကုသဆေး အမြန်ဆုံး ဖော်စပ်နိုင်ရေး အစွမ်းကုန် ကြိုးစားနေကြပါတယ်။