A d v e r t i s e m e n t With Us

ဘတ်စ်ကားတိုက်ခိုက်မှု ရုရှားက တာဝန်ယူသင့်ဟု ယူကရိန်းဝန်ကြီးချုပ် ပြော

ယူကရိန်းဝန်ကြီးချုပ် အာဆေနီ ယာဆဲညွတ်က ဇန်န၀ါရီ ၂၂ ရက်နေ့က နိုင်ငံအရှေ့ပိုင်း ဒန်းညက်စ်မြို့က ဘတ်စ်ကားတစီးကို တိုက်ခိုက်မှုအတွက် ရုရှားလိုလားတဲ့ သူပုန်တွေကို အပြစ်တင်လိုက်ပြီး ရုရှားအစိုးရက ဒီမတော်တဆမှုအတွက် တာဝန်ယူသင့်တယ်လို့ ပြောပါတယ်။ ယူကရိန်းမြို့တော် ကိယက်ဗ်က စည်းလုံးညီညွတ်ခြင်းနေ့ အခမ်းအနားမှာ ယူကရိန်းဝန်ကြီးချုပ်က “ရုရှားအကြမ်းဖက်သမားတွေဟာ လူသားမျိုးနွယ်အပေါ် ဆိုးရွားတဲ့ နောက်ထပ်အမှုတခု ဒီနေ့ ကျူးလွန်လိုက်တယ်၊ ရုရှားပြည်ထောင်စုအပေါ်မှာ တာဝန်ရှိတယ်” လို့ ပြောပါတယ်။ ဒန်းညက်စ်ဒေသ ယူကရိန်းစီမံအုပ်ချုပ်မှုအဖွဲ့ကတော့ ဒီမတော်တဆမှုကြောင့် အနည်းဆုံး လူ ၈ ယောက် သေတယ်လို့ ပြောပြီး သူပုန်တွေကတော့ အနည်းဆုံး ၁၃ ယောက် သေဆုံးတယ်လို့ ပြောပါတယ်။ သူပုန်တွေကလည်း ဒီတိုက်ခိုက်မှုအတွက် ယူကရိန်းစစ်တပ်ကို အပြစ်တင်ပါတယ်။ အဲဒီနေ့ အစောပိုင်းက ယူကရိန်းစစ်တပ် ပြောခွင့်ရက ဒန်းညက်စ်မြို့ရဲ့ အဓိကလေဆိပ် အဆောင်သစ်ကနေ အစိုးရတပ်တွေ ဆုတ်ခွာလာခဲ့တယ်လို့ ပြောပါတယ်။ အဲဒီနေရာဟာ လနဲ့ချီကြာနေတဲ့ အကြီးအကျယ် တိုက်ခိုက်မှုတွေ ဖြစ်ရာ ထင်ရှားတဲ့ ပစ်မှတ် ဖြစ်လာနေတာပါ။ ဇန်န၀ါရီ ၂၁ ရက်နေ့က ယူကရိန်းစစ်သား ၁၆ ယောက်ဟာ ဒီဗျူဟာမြောက် လေတပ်ကို ဒန်းညက်စ်ပြည်သူ့သမ္မတနိုင်ငံအမည်ခံ ဒီပီအာအဖွဲ့က သိမ်းပိုက်ထားလို့ ပြန်ရအောင် တိုက်နေတုန်း အဖမ်းခံရကြောင်း၊ သူတို့ကို ပြန်လွှတ်ပေးရေး ဆွေးနွေးပွဲတွေ စနေပြီလို့ ဆိုပါတယ်။ ဇန်န၀ါရီ ၂၂ ရက်နေ့ကနေ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ယူကရိန်းစစ်သား ၆ ယောက် တိုက်ပွဲတွေအတွင်း ကျဆုံးခဲ့တယ်လို့ ယူကရိန်းအရာရှိတွေက ပြောခဲ့ပါတယ်။ ဒန်းညက်စ်မြို့ ဝန်းကျင်မှာ ပစ်ခတ်မှုတွေ ညတွင်းချင်းလျော့သွားပြီလို့ ဒီပီအာအဖွဲ့ ပြောခွင့်ရက ဇန်န၀ါရီလ ၂၁ ရက်နေ့က ပြောပါတယ်။ ဒန်းညက်စ်မြို့မှာ ပြီးခဲ့တဲ့ရက်တွေတုန်းက ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေနဲ့ အစိုးရတပ်တွေ ပြင်းပြင်းထန်ထန်တိုက်ပွဲဖြစ်ခဲ့လို့ အကြီးအကျယ် ပစ်ခတ်မှုတွေကို ရင်ဆိုင်ခဲ့ရတာပါ။ သူပုန်ပြောခွင့်ရ အက်ဒွပ် ဘာစူရင်ကတော့ ၂၄ နာရီအတွင်း ပစ်ခတ်မှု ၁၃ ကြိမ်ဖြစ်ပြီး လူ ၃၆ ယောက်သေဆုံး၊ အယောက် ၃၀ ဒဏ်ရာရတယ်လို့ ပြောပါတယ်။ ယူကရိန်းပဋိပက္ခအတွင်း သေဆုံးသူဦးရေ ၄၈၀၀ ကျော်ပြီလို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ဆိုပါတယ်။ ဓာတ်ပုံ - အေအက်ဖ်ပီ [gallery ids="78288,78289,78290,78291,78292"]

A d v e r t i s e m e n t With Us

More News
Up