လျှပ်စစ်မီတာခ ၁ ယူနစ် ၃၅ ကျပ်ဖြစ်ရေး ထားဝယ်တွင် ပြည်သူရာချီဆန္ဒပြ




1.7K
လျှပ်စစ်မီတာခလျှော့ချပေးဖို့နဲ့ ဒေသထွက်သယံဇာတ ဒေသခံပြည်သူတွေ ခံစားခွင့်ရရှိဖို့ တနင်္သာရီတိုင်း၊ ထားဝယ်မှာ လူ ၅၀၀ လောက် ဒီနေ့မနက်က ဆန္ဒပြခဲ့ကြပါတယ်။
တနင်္သာရီတိုင်း သယံဇာတအကျိုးခံစားခွင့်ကော်မတီက ဦးဆောင်ပြီး ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
ထားဝယ်မြို့ စောမိညိုဘုန်းကြီးကျောင်းဝင်းရှေ့ကနေ ဒီကနေ့ မနက် စတင်ချီတက်ခဲ့ကြပြီး မြို့တွင်းကိုဖြတ်သန်း လမ်းလျှောက်ကာ ရွှေဝယ်သီရိရင်ပြင်မှာ ဟောပြောပွဲ ပြုလုပ်ခဲ့ကြတယ်လို့ တနင်္သာရီသယံဇာတကော်မတီ ပြောခွင့်ရ ဦးဇော်သူရက ပြောပါတယ်။
ဟောပြောပွဲမှာ တို့သယံဇာတတို့ပြည်သူအတွက်၊ တနင်္သာရီတိုင်းတတိုင်းလုံး မဟာဓာတ်အားလိုင်းရရှိရေးနဲ့ လျှပ်စစ်ဓာတ်အားခကို တတိုင်းပြည်လုံးနည်းတူ တယူနစ် ၃၅ကျပ်နဲ့ သုံးစွဲခွင့်ရရှိရေး စတဲ့တောင်းဆိုချက်တွေနဲ့ ဟောပြောခဲ့ကြတာပါ။
တနင်္သာရီတိုင်း သယံဇာတအကျိုးခံစားခွင့်ကော်မတီက ဦးဆောင်တဲ့ အခုလိုဆနပြပွဲတွေကို ထားဝယ်အပြင် မြိတ်၊ကော့သောင်းစတဲ့ မြို့တွေအပါအ၀င် တတိုင်းလုံးမှာ ဆက်လက်ပြုလုပ်သွားမှာလည်း ဖြစ်ပါတယ်။
ကော်မတီအနေနဲ့ ဆန္ဒပြပွဲတွေအပြင် လုပ်ဆောင်ဖို့ရှိတဲ့ နည်းလမ်းသုံးခုရှိတယ်လို့ ဦးဇော်သူရ ပြောပါတယ်။
“ကျနော်တို့သွားမယ့် နည်းလမ်း ၃ ခုရှိပါတယ်။ ဆန္ဒပြတဲ့ နည်းလမ်းကတနည်းပါ။ ပြီးတော့ ကော်မတီအနေနဲ့ ပြည်ထောင်စုအစိုးရကိုရော တိုင်းဒေသကြီးအစိုးရကိုပါ တွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုထားပါတယ်။ ပြီးတော့ သတင်းစာရှင်းလင်းပွဲတွေ လုပ်မယ်၊ ကျနော်တို့ ရည်ရွယ်ချက်ကတော့ မရမချင်း ဒီနည်းလမ်းသုံးသွယ်သုံးပြီး လုပ်ဆောင်သွားမှာပါ။”
ထားဝယ်မြို့ ကံပေါက်ဒေသကနေ ထိုင်းနိုင်ငံကို သဘာဝဓာတ်ငွေ့ သန်းပေါင်း ၁၀၀၀ ကျော် တင်ပို့ နေပေမယ့် ဒေသခံတွေဟာ လျှပ်စစ်မီတာခ ၁ ယူနစ်ကို ၄၀၀ ၀န်းကျင်ကနေ ၁၅၀၀ အထိ ၀ယ်ယူ သုံးစွဲနေကြရပါတယ်။
ဓာတ်ပုံ - ထားဝယ်မြို့တော်
[gallery ids="78232,78231,78230,78229"]