သေဒဏ်ကျ သြစတြေးလျနိုင်ငံသား အယူခံ အင်ဒိုနီးရှား ပယ်ချက်

1.2K
အင်ဒိုနီးရှားနိုင်ငံမှာ မူးယစ်ဆေးဝါးမှုနဲ့ သေဒဏ်ကျခံနေရတဲ့ သြစတြေးလျနိုင်ငံသားရဲ့ အယူခံဝင်မှုကို အင်ဒိုနီးရှားနိုင်ငံက ဇန်န၀ါရီ ၂၂ ရက်နေ့မှာ ပယ်ချခဲ့ပါတယ်။
ဒါကြောင့် နဂိုကတည်းက ဆက်ဆံရေးအဆင်မပြေဖြစ်နေတဲ့ နှစ်နိုင်ငံဆက်ဆံရေး ပိုပြီး တင်းမာလာဖို့ရှိပါတယ်။
အယူခံပယ်ချခံရတဲ့ မူးယစ်ဂိုဏ်းခေါင်းဆောင် အင်ဒရူးချန် (Andrew Chan) ဟာ တနိုင်ငံတည်းသား မျူရန် ဆုကူမရန်(Myuran Sukumaran)နဲ့အတူ ၂၀၀၆ ခုနှစ်ကတည်းက သေဒဏ်ချခံထားရသူတွေ ဖြစ်ပါတယ်။ ဆုကူမရန်ရဲ့သေဒဏ်အယူခံဝင်မှုကတော့ ပြီးခဲ့တဲ့လကပဲ ပယ်ချခံခဲ့ရပြီးဖြစ်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းကနေ သြစတြေးလျနိုင်ငံကို ဘိန်း ၈.၃ ကီလိုကျော် ခိုးထုတ်ဖို့ ကြိုးစားမှုနဲ့ သူတို့ ၂ ဦးအပါအ၀င် အားလုံး ၉ ဦး ဖမ်းဆီးခံခဲ့ရတာပါ။
ကျန် ၇ ဦးကတော့ နှစ်ရှည်ထောင်ဒဏ်တွေနဲ့ တသက်တကျွန်းဒဏ်တွေ ကျခံနေရပြီး သူတို့ ၂ ဦးကတော့ ဂိုဏ်ခေါင်းဆောင်အဖြစ် စစ်ဆေးတွေ့ရှိခဲ့ပြီး သေဒဏ်ချခံရတာလည်းဖြစ်ပါတယ်။
အင်ဒရူး ချန်ရဲ့ အယူခံဝင်မှုဟာ အကြောင်းပြချက် ခိုင်လုံမှုမရှိတဲ့အတွက် အင်ဒိုနီးရှားသမ္မတရုံးက ပယ်ချခဲ့တာလို့ ဒန်းပါဆာ (Denpasar) ခရိုင်တရားရုံး ပြောခွင့်ရက သတင်းထောက်တွေကို ပြောဆိုပါတယ်။ သေဒဏ်ပေးမယ့်ရက်ကိုတော့ မဆုံးဖြတ်ရသေးဘူးလို့လည်း ပြောဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၈ ရက်နေ့ကလည်း အင်ဒိုနီးရှားနိုင်ငံမှာ မူးယစ်ဆေးဝါးမှုနဲ့ သေဒဏ်ချခံရသူ ၅ ဦးကို သေဒဏ်ပေးခဲ့ပြီးဖြစ်ပါတယ်။ အဲ့ဒီထဲက ၅ ဦးကတော့ နိုင်ငံခြားသားတွေ ဖြစ်ကြပါတယ်။ ဘရာဇီးနိုင်ငံသားနဲ့ နယ်သာလန်နိုင်ငံသားတို့ ၁ ဦးစီ ပါဝင်ခဲ့တာကြောင့် သူတို့တွေရဲ့ သံအမတ်တွေကို အင်ဒိုနီးရှားကနေ ပြန်ခေါ်ခဲ့ပါတယ်။
အင်ဒိုနီးရှားနိုင်ငံနဲ့ သြစတြေးလျနိုင်ငံတို့ဟာ အိမ်နီးချင်းနိုင်ငံတွေဖြစ်ကြပြီး နှစ်နိုင်ငံ ဆက်ဆံရေး သိပ်အဆင်မပြေခဲ့တဲ့ အချိန်တွေက ပိုများခဲ့ပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ ကမ္ဘာပေါ်မှာ မူးယစ်ဆေးဝါးအတင်းကျပ်ဆုံး နိုင်ငံတနိုင်ငံဖြစ်ပြီး သြစတြေးလျနိုင်ငံကတော့ သေဒဏ်ကို ဆန့်ကျင်ကန့်ကွက်တဲ့နိုင်ငံ ဖြစ်ပါတယ်။
အခုလည်း သြစတြေးလျနိုင်ငံသား ၂ ဦးဟာ ထောင်တွင်းမှာ နေခဲ့ရချိန်အတွင်း အမြင်မှန် ရရှိသူတွေဖြစ်နေကြပြီလို့ သြစတြေးလျနိုင်ငံက အကြိမ်ကြိမ်ပြောဆိုနေတာလည်း ဖြစ်ပါတယ်။
[gallery ids="78212,78213,78214"]