ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်ကို မာလီနိုင်ငံတွင် ရာနှင့်ချီ ဆန္ဒပြ

မာလီနိုင်ငံအတွင်း တူအက်သူပုန်တွေကို ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်က လေကြောင်း တိုက်ခိုက်မှုအပေါ် ဆန့်ကျင်တဲ့အနေနဲ့ ရာနဲ့ချီတဲ့လူတွေ ဆန္ဒပြခဲ့ကြပါတယ်။
နိုင်ငံမြောက်ပိုင်း ကီဒယ်လ်မြို့လေဆိပ်ကို ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၁ ရက်နေ့က သိမ်းပိုက်ပြီး အဲဒီမှာ တပ်စွဲထားတဲ့ ကုလသမဂ္ဂတပ်တွေကို နေရာစွန့်ခွာအောင် ဖိအားပေးခဲ့ကြပါတယ်။
ကုလသမဂ္ဂ ပြောခွင့်ရ ရာဒီယာ အခ်ချောင်ရီက “ဆန္ဒပြသူတွေက အကြမ်းဖက်ခဲ့ပြီး ခဲတွေနဲ့ ပစ်ပေါက်ရင်း ပိုင်ဆိုင်မှုတွေကို မီးရှို့ခဲ့တယ်။ ဒါကြောင့် လေဆိပ်ကို စောင့်ကြပ်နေတဲ့ တပ်ဖွဲ့တွေကို စခန်းထဲ သွားကြဖို့ အမိန့်ထုတ်ထားရတယ်” လို့ ပြောပါတယ်။ ဆန္ဒပြပွဲကို လူအယောက် ၂၀၀၊ ၃၀၀ လောက် ပူးပေါင်းခဲ့တယ်လို့ ဆိုပါတယ်။
ကုလသမဂ္ဂတပ်တွေက လူစုခွဲဖို့ လေထဲကို သေနတ်တွေနဲ့ ပစ်ခတ်ခဲ့ပေမယ့် ဆန္ဒပြပွဲ ဆက်ဖြစ်နေလို့ ကုလတပ်က လေဆိပ်ကို စွန့်ခွာပြီး မြို့ထဲက အခြေစိုက်စခန်းဆီကို ရွှေ့ခဲ့ကြပါတယ်။
ခွဲထွက်ရေးသူပုန်တွေအပါအ၀င် အယ်လ်ကိုင်းဒါးအဖွဲ့နဲ့ ချိတ်ဆက်ထားတဲ့ စစ်သွေးကြွတွေက သိမ်းပိုက်ထားတဲ့ နိုင်ငံမြောက်ပိုင်း လုံခြုံရေးအတွက် မာလီတပ်တွေကို ကူညီဖို့ ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းသူတွေက ကြိုးစားခဲ့တာပါ။
၂၀၁၂ ခုနှစ်တုန်းက နိုင်ငံတွင်း သူပုန်ထမှုကို ပြင်သစ်က ဝင်ရောက် စွက်ဖက်ခဲ့ရပါတယ်။
ပြင်သစ်တပ်တွေက အစ္စလာမ္မစ်သွေးကြွတွေကို နှိမ်နင်းခဲ့ပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို ခွဲထွက်ရေးသမားတွေနဲ့အတူ လုပ်ဆောင်ဖို့ စီစဉ်နေပါတယ်။
ဒါပေမယ့် ညှိနှိုင်းဆွေးနွေးမှုတွေက အချိန်ဆွဲခံထားရပြီး အစ္စလာမ္မစ်စစ်သွေးကြွတွေ ပြန်ခေါင်းထောင်ထလာနေလို့ နိုင်ငံမြောက်ပိုင်းမှာ မလုံခြုံမှုတွေ ဖြစ်ပွားနေပါတယ်။
သတင်းဓာတ်ပုံ - ရိုက်တာ
[gallery ids="78136,78137,78138,78139,78140"]