ကချင်စစ်ပွဲအကြား တရုတ်နိုင်ငံသားများ ပိတ်မိနေခြင်းမရှိဟု တရုတ်အစိုးရ ပြောကြား

3.4K
မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်စစ်ပွဲတွေအတွင်းမှာ တရုတ်နိုင်ငံသားတွေ ပိတ်မိ နေတာ မရှိဘဲ တရားမ၀င်သစ်ထုတ်မှုနဲ့ တရုတ်နိုင်ငံသား ၁၅၅ ဦး ထိန်းသိမ်းခံနေရတယ်လို့ တရုတ်အစိုးရက ပြောကြားလိုက်ပါတယ်။
[caption id="attachment_76330" align="aligncenter" width="520"]
ယခုလအစောပိုင်းက တရားမ၀င်သစ်ခိုးထုတ်သည့် တရုတ်နိုင်ငံသားအချို့ကို ဖမ်းမိစဉ်[/caption]
ကချင်လက်နက်ကိုင်အဖွဲ့ (ကေအိုင်အေ) နဲ့ အစိုးရတပ်တွေအကြား တိုက်ပွဲတွေမှာ အရပ်သား ၂၀၀၀ ကျော်နဲ့ အတူ ရာနဲ့ချီတဲ့ တရုတ်နိုင်ငံသားတွေ ပိတ်မိနေတယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက တရုတ် ဂလိုဘလ်ပို့စ် သတင်းမှာ ဖော်ပြခဲ့တာပါ။
ဒီသတင်းတွေနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဟွာချွန်ယင်းက “မြန်မာနိုင်ငံက ကနဦးရရှိတဲ့ သတင်းတွေအရ ခုထိတော့ ပဋိပက္ခထဲ ပိတ်မိနေတဲ့ တရုတ်နိုင်ငံ သားတွေ မတွေ့ရသေးဘူး” လို့ မနေ့က ပီကင်းမှာ ကျင်းပတဲ့ ပုံမှန်နေ့စဉ်သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
မြန်မာနိုင်ငံထဲမှာ တရုတ်နိုင်ငံသား ၁၅၅ ဦး တရားမ၀င်သစ်ခုတ်ထုတ်မှုနဲ့ ဖမ်းဆီးခံ ထားရတယ်လို့ အတည်ပြု ပြောဆိုပြီး ထိန်းသိမ်းခံထားရသူတွေကို အကူအညီပေးဖို့ တရုတ် ကောင်စစ်ဝန်အဖွဲ့ မြစ်ကြီးနားကို သွားရောက်တွေ့ဆုံခဲ့တဲ့အကြောင်းနဲ့ အားလုံးရဲ့ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ကောင်းမွန်ပြီး ဖျားနာဒဏ်ရာရသူမရှိဘူးလို့လည်း ပြောပါတယ်။
ဒါ့ပြင် မြန်မာအစိုးရဘက်ကလည်း ဖမ်းဆီးထားသူတွေကို အစားအစာတွေ တိုးမြှင့်ပေးခဲ့ပြီး တရုတ်အဖွဲ့ ယူဆောင်သွားတဲ့ ထောက်ပံ့ရေးပစ္စည်တွေကိုလည်း ဝေပေးဖို့ သဘောတူခဲ့တယ်လို့ ဆိုပါတယ်။
ခု ဇန်န၀ါရီလဆန်းပိုင်းက ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ်ထဲမှာ တပ်မတော် စစ်ကြောင်းတွေက နယ်မြေရှင်းလင်းရာမှာ တရုတ်နိုင်ငံသား ၁၅၀ လောက်ကို သစ်ထုတ်ရာမှာ အသုံးပြုတဲ့ ယာဉ်တွေ၊ မူးယစ်ဆေးဝါးနဲ့ တရုတ်ယွမ်ငွေတွေနဲ့အတူ ဖမ်းမိခဲ့တာပါ။
တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးဖြစ်စဉ်ကို မြှင့်တင်ဖို့နဲ့ နယ်စပ်တလျှောာက် တည်ငြိမ်အေးချမ်း ဘေးကင်းလုံခြုံဖို့ မြန်မာနဲ့အတူ လုပ်ဆောင်သွားမယ်လို့ တရုတ်အစိုးရ တာဝန် ရှိသူက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။