လိုင်းကားပေါ်တွင် အစ္စရေး ၇ ဦးကို ဓားဖြင့်ထိုးမှု ဖြစ်ပွား

782
အစ္စရေးနိုင်ငံ တယ်လ်အဲဗစ်မြို့ လိုင်းကားတစီးပေါ်မှာ အစ္စရေး ၇ ဦးကို ဓားနဲ့ ထိုးပြီးနောက် ထွက်ပြေးဖို့ ကြိုးစားတဲ့ ပါလက်စတိုင်းဓားသမားကို လုံခြုံရေးအရာရှိက သေနတ်နဲ့ပစ်ပြီး ဖမ်းဆီးခဲ့ပါတယ်။
တိုက်ခိုက်မှုဟာ ဘယ်သူလက်ချက်ဆိုတာကို မသိရပါဘူး။ ဒါပေမ့ယ် ဂါဇာဒေသကို ထိန်းချုပ်ထားတဲ့ ဟားမက်အဖွဲ့ရဲ့ ပြောခွင့်ရသူက ဒါဟာ အစ္စရေးတွေက ပါလက်စတိုင်းတွေကို အကြမ်းဖက်မှုအတွက် ဖြစ်လာတဲ့ အကျိုးဆက်လို့ ပြောပါတယ်။
အစ္စရေးတွေကို ဓားနဲ့ ထိုးတဲ့ ပါလက်စတိုင်းဟာလည်း သူရဲကောင်းဆန်စွာ လက်တုံ့ပြန်လိုက်တာပဲလို့ ပြောပါတယ်။
လွန်ခဲ့တဲ့ ၂ လကလည်း အစ္စရေး စီးပွားရေးမြို့တော်ဖြစ်တဲ့ တယ်အဲလ်ဗစ်မြို့က ရထားဘူတာရုံတခုမှာ အစ္စရေးစစ်သားတယောက်ကို ဓားနဲ့ ထိုးသတ်တဲ့အမှု ဖြစ်ခဲ့ပြီး အခင်းဖြစ်တဲ့ နေရာအနီးမှာပဲ ဓားသမားကို ဖမ်းဆီးခဲ့ပါတယ်။
ဇန်န၀ါရီ ၂၁ ရက်နေ့ မနက်ပိုင်း လိုင်းကားပေါ်မှာ ဓားနဲ့ ထိုးသူဟာ အစ္စရေးက သိမ်းထားတဲ့ အနောက်ဘက်ကမ်းမှာ နေထိုင်တဲ့ ပါလက်စတိုင်းတဦးဖြစ်တယ်လို့ ရဲအဖွဲ့က ပြောပါတယ်။
ဓားသမားဟာ ကားဒရိုင်ဘာကို ဓားနဲ့ အရင်ထိုးပြီး ကားအရှိန်လျှော့သွားချိန်မှာ တခြားလူတွေကို ထိုးခဲ့ပါတယ်။ ခရီးသည်တွေက အော်ဟစ်ပြီး ကားပေါ်ကနေ ပြေးဆင်းနေကြတဲ့အချိန်မှာ နောက်ကားတစီးနဲ့ သွားနေတဲ့ ထောင်အရာရှိက ဓားသမားရဲ့ ခြေထောက်ကို သေနတ်နဲ့ပစ်ပြီး ဖမ်းဆီးနိုင်ခဲ့ပါတယ်။