စပိန် လာလီဂါက ရီးရဲလ်မက်ဒရစ် ဘောလုံးအသင်းက ကမ္ဘာအချမ်းသာဆုံး ကလပ်စာရင်းမှာ ၁၀ နှစ် ဆက်တိုက် ရပ်တည်နေတယ်လို့ နိုင်ငံပေါင်း ၁၅၀ မှာ ငွေကြေးဆိုင်ရာနဲ့ ပတ်သက်တဲ့ ကိစ္စတွေ ကို ၀န်ဆောင်မှုပေးတဲ့ ဒလွိုက်က ထုတ်ပြန်ပါတယ်။

ကလပ်အသင်းက ရတဲ့ ၀င်ငွေတွေအပေါ် မူတည်တွက်ချက်တာ ဖြစ်ပြီး အကြွေးတွေ ကိုတော့ ထည့်သွင်း တွက်ချက်ထားခြင်း မရှိဘူးလို့ ဆိုပါတယ်။
ရီးရဲလ်အသင်းဟာ ဒီနှစ်အတွက် ၀င်ငွေ ယူရို ၅၄၉ သန်းကျော် ရရှိခဲ့တာ ဖြစ်ပြီး အရင်နှစ်က ထက် အသံလွှင်တာနဲ့ ကြေညာကဏ္ဍကနေ ၀င်ငွေ ၈နဲ့ ၉ ရာခိုင်နှုန်း တိုးမြှင့်ခဲ့သလို ယူရို သန်း ၃၀ ကျော် ၀င်ငွေမြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။
၂၀၁၃-၁၄ ခုနှစ် ရရှိတဲ့ ၀င်ငွေကြောင့် အင်္ဂလန်က မန်ချက်စတာယူနိုက်တက်က နံပါတ် ၄ နေရာကနေ နံပါတ် ၂ နေရာကို ရောက်လာပါတယ်။ ဒီနောက်မှာတော့ ဂျာမနီက ဘိုင်ယန်မြူးနစ်၊ စပိန် ဘာစီလိုနာနဲ့ ပြင်သစ် ပဲရစ်စိန့်ဂျာမိန်းတို့ ရှိနေပါတယ်။
အင်္ဂလန် ပရီးမီးယားလိဂ်က မန်ချက်စတာစီးတီး၊ ချဲလ်ဆီး၊ အာဆင်နယ်နဲ့ လီဗာပူလ်းတို့ ကတော့ နံပါတ် ၆ ကနေ ၉ နေရာ အသီးသီးရပ်တည်နေပါတယ်။
ဒါအပြင် တော့တင်ဟမ်ဟော့စပါးက နံပါတ် ၁၃၊ နယူးကာဆယ်ယူနိုက်တက်နဲ့ အဲဗာတန်တို့ က နံပါတ် ၁၉၊ ၂၀ မှာ အသီးသီး ရပ်တည်နေပါတယ်။
၂၀၁၃-၁၄ ခုနှစ်မှာတော့ ပရီးမီးယားလိဂ်ကလပ်အသင်းတွေ ၀င်ငွေစံချိန် တင်ခဲ့ တယ်လို့ လည်း ဆိုပါတယ်။