၇ ကြိမ်မြောက် တပြည်လုံးအပစ်ရပ်ဆွေးနွေးပွဲ ရက်မသတ်မှတ်နိုင်
ရွှေအောင်
·
January 21, 2015
အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အင်အာစုတွေအကြား တပြည်လုံးအပစ်အခတ်ရပ်စဲရေး ဆွေးနွေးမယ့်ရက်သတ်မှတ်နိုင်ငံရေး နှစ်ဘက် ကိုယ်စားလှယ်တွေရဲ့ ညှိနှိုင်းမှု မအောင်မြင်ဘဲ လာမယ့်သတင်းပတ်မှာ ထပ်မံ ညှိနှိုင်းကြမှာဖြစ်ပါတယ်။
[caption id="attachment_78022" align="alignright" width="308"] ဓာတ်ပုံ (အောင်မိုးမြင့် ဖေ့ဘွတ်)[/caption]
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ မြန်မာငြိမ်းချမ်းရေးစင်တာ အမ်ပီစီနဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တို့ရဲ့ တနိုင်ငံလုံးအပစ်ရပ်ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) တို့က ကိုယ်စားလှယ်တွေဟာ စက်တင်ဘာ ကတည်းက ရပ်နားထားရတဲ့ အပစ်ရပ်ဆွေးနွေးပွဲကို ပြန်စနိုင်ဖို့ ရက်ညှိနှိုင်းရာမှာ မသတ်မှတ်နိုင်ဖြစ်ခဲ့တာပါ။
အမ်ပီစီ အကြီးတန်းအကြံပေး ဦးလှမောင်ရွှေက “ဒီနေ့ ဆွေးနွေးပွဲအပြီးမှာ နောက်ဆွေးနွေးပွဲ ကျင်းပမယ့်ရက်ကိုတော့ နှစ်ဘက် ပြန်ပြီးတော့ ညှိနှိုင်းဖို့ရှိပါတယ်။ ဒီနေ့ ဆွေးနွေးပွဲမှာတော့ ဆွေးနွေးပွဲကျင်းပမယ့် ရက်ကို ဆက်မလုပ်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် အကြောင်းအရာ တော်တော်များများကို ဆွေးနွေးနိုင်ပြီးတော့ အန်စီစီတီခေါင်းဆောင်တွေဘက်က ပေးလိုက်တဲ့ သတင်းစကားတွေကို ၀န်ကြီးဦးအောင်မင်းကို ပြန်တင်ပြဖို့ ရှိပါတယ်” လို့ ပြောပါတယ်။
အန်စီစီတီအဖွဲ့ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ဂွန်မော်ကတော့ ပြီးခဲ့တဲ့ စက်တင်ဘာဆွေးနွေးပွဲ အဖုအထစ်တွေကြောင့် ရက်မသတ်မှတ်နိုင်တာလို့ ဆွေးနွေးပွဲအပြီး ဒီဗွီဘီရဲ့ မေးမြန်းချက်ကို ဖြေကြားရင်း အခုလို ပြောပါတယ်။
“အဓိကကတော့ ကျနော်တို့ စက်တင်ဘာအစည်းအဝေးမှာ တချို့ခေါင်းစဉ်တွေ အခက်အခဲဖြစ်သွားတဲ့အချိန်မှာ အစည်းအဝေးကို ဘယ်အချိန် ပြန်လုပ်မလဲဆိုတာ မဆုံးဖြတ်နိုင်ဘူး၊ အဲ့လိုဖြစ်သွားပါတယ်။ လူထုကြားထဲမှာတော့ တိုက်ပွဲတွေကြောင့်လို့ ပြောပါတယ်။ ဒါပေမယ့် တကယ်တမ်း ဒီအစည်းအဝေးတွေ ရပ်တန့်သွားတာ စက်တင်ဘာရလဒ်ကြောင့် ဖြစ်ပါတယ်။ အခုကတော့ ၇ ကြိမ်မြောက်တွေ့ဆုံပွဲကို ရအောင်လုပ်ရမယ်။ အဲ့ဒီတော့ ပိတ်ဆို့နေတဲ့အကြောင်းတွေကို ဘယ်လို ဖြေရှင်းမလဲဆိုတာကို အဓိက ဆွေးနွေးတာပါ။ အဲ့ဒီတော့ ရက်ကို မသတ်မှတ်ရသေးဘူး။ နှစ်ဘက်စလုံးက အမြန်ဆုံးလုပ်ချင်တယ်။ သို့သော်လည်းပဲ အစိုးရဘက်ကရော ကျနော်တို့ဘက်ကရော အစည်းအဝေးတွေနဲ့ ကြားမှာရှိနေတဲ့အခါမှာ သေချာ မသတ်မှတ်နိုင်သေးပါဘူး၊”လို့ သူက ပြောပါတယ်။
ယူပီဒဗလျုစီနဲ့ အန်စီစီတီတို့ နှစ်ဘက် ဆွေးနွေးပွဲတွေ မဆက်နိုင်ဖြစ်နေတဲ့အကြောင်းရင်းတွေထဲမှာ နှစ်ဘက်လမ်းပြမြေပုံကိစ္စအပါအ၀င် အချက်တချို့ မကျော်လွှားနိုင်သေးတာ၊ ကချင်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာနဲ့ လိုင်ဇာဗိုလ်သင်းတန်းကျောင်းပစ်ခတ်မှုကိစ္စကို အစိုးရက အခုထိတိုင် ဖြေရှင်းမပေးသေးတာတွေဟာ အဓိကကျတဲ့အချက်တွေ ဖြစ်ပါတယ်။
အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နဲ့ အန်စီစီတီတို့ ဆွေးနွေးပွဲတွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာလကတည်းက ရပ်တန့်နေခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလက ရန်ကုန်မှာ နှစ်ဘက် လုပ်ငန်းညှိနှိုင်းစည်းဝေးခဲ့ကြပါတယ်။
အဲ့ဒီပွဲကို အန်စီစီတီဘက်က အဓိကကျတဲ့ခေါင်းဆောင်တချို့ မတက်ခဲ့သလို အစိုးရဘက်က လည်း စစ်တပ်ကိုယ်စားလှယ် မတက်ခဲ့ပါဘူး။
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ တနိုင်ငံလုံးအပစ်ရပ်လုပ်ငန်းညှိနှိုင်းရေးအဖွဲ့ အန်စီစီတီရဲ့ အဖွဲ့တွင်းဆွေးနွေးပွဲတွေကို ချင်းမိုင်မှာ ဇန်န၀ါရီ ၁၉ နဲ့ ၂၀ နှစ်ရက်ပြုလုပ်ခဲ့ပါတယ်။
ဒီနေ့ ဆွေးနွေးပွဲကို အမ်ပီစီဘက်က ဦးလှမောင်ရွှေနဲ့ ဒေါက်တာတင်မောင်သန်းတို့ ခေါင်းဆောင်တက်ရောက်ခဲ့ကြပြီး အန်စီစီတီဘက်က ဖဒိုကွယ်ထူးဝင်းနဲ့ ဗိုလ်ချုပ်ဂွန်မော်တို့ ဦးဆောင်တက်ရောက်ခဲ့ကြပါတယ်။