ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်းမှာ အစိုးရစစ်တပ်နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ)တို့အကြား တိုက်ပွဲတွေကြောင့် တိမ်းရှောင်နေတဲ့ စစ်ပြေးဒုက္ခသည် တွေကို အစိုးရတပ်က သွားလာ ခွင့်ပိတ်သလို ဒုက္ခသည်တွေထံ သွားရောက်ကူညီမယ့် အဖွဲ့တွေကိုလည်း ၀င်ခွင့်မပြုဘဲ တားမြစ်ထားပါတယ်။
ဇန်န၀ါရီလ ၁၅-၁၆ ရက်နေ့တွေက ကေအိုင်အေတပ်မဟာ ၂ တပ်ရင်း ၆ နယ်မြေအတွင်း အစိုးရတပ်နဲ့ ကေအိုင်အေ တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပါတယ်။
ဒီတိုက်ပွဲကြောင့် အောင်ဘာလေ၊ ကံဆီး၊ ငှက်ပျောတော အစရှိတဲ့ ကျေးရွာတွေက ရွာသူရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။
အောင်ဘာလေရွာက ဦးသန်းနိုင်က “ကျနော်တို့က ရွာမှာ ရွာစောင့်ထားပြီး ကျန်ရွာသူရွာသားတွေက ကံဆီးရွာမဘက်ကို ပြောင်းပြီးမှ ခရစ်ယာန်ကျောင်း၊ ဘုန်ကြီးကျောင်းတွေမှာ စစ်ရှောင်စခန်းဖွင့်ပြီး ပို့ထားတယ်။ ကျနော်တို့ကတော့ ဥက္ကဋ္ဌနဲ့တကွ စေတနာ နာရေးကူညီမှုအသင်းက ရွာစောင့်နေတယ်” လို့ ပြောပါတယ်။
ကံဆီးရွာက နန္ဒကျောင်းတိုက်နဲ့ နှစ်ခြင်းကျောင်းမှာ ဒုက္ခသည်ပေါင်း ၁၄၀၀ ကျော်ခိုလှုံနေပြီး သူတို့တွေအနေနဲ့ လုံးခင်း၊ ဖားကန့်ဘက်ကိုဆင်းဖို့ အစိုးရတပ်က ခွင့်မပြုဘူးလို့လည်း ဦးသန်းနိုင်က ပြောပါတယ်။
“သူတို့တွေ ဘယ်မှသွားလို့မရပါဘူး။ တပ်မ ၁၆ တပ်စခန်းကနေပြီးတော့ ဂိတ်တွေ ပိတ်ထား တယ်။ လုံးခင်းဘက်က ကူညီချင်တဲ့သူတွေလည်း စံခါဂိတ်က ပိတ်ထားတဲ့အတွက် လာလို့မ ရပါဘူး။”
ဥရုဆိုင်းမော်နယ်အသင်းတော်များအဖွဲ့ချုပ်ရုံးက တွဲဖက်အတွင်းရေးမှူး ဆရာဦးဖုန်ဆိုင်းက ကံဆီးရွာ က စစ်ရှောင် ဒုက္ခသည်သည်စခန်းကို သွားရောက်ကူညီဖို့ ဘာသာရေး ခေါင်းဆောင်တွေ၊ လူမှုအဖွဲ့တွေစုပြီး ကူညီဖို့ သွားရာမှာ စစ်တပ်က လုံးဝခွင့် မပြုခဲ့ဘူးလို့ ပြောပါတယ်။

“ကျနော်တို့က ၁၆ ရက်နေ့လောက်ကနေပြီးသွားဖို့ ကျနော်တို့ ကြိုးစားတာ ဘာသာရေး ဂိုဏ်းပေါင်းစုံက ဆရာတော်ဘုရား ဘုန်းဘုန်းတို့၊ ကက်သလစ်က ဖာသာတို့၊ နှစ်ချင်းက ဆရာတော်တွေ လူမှုဘာသာရေးအဖွဲ့အစည်းအသီးသီးက ကားအစီးပေါင်း ၁၆၀ လောက်ရှိတယ်။ ဒီဒုက္ခရောက်နေတဲ့သူကို ကူညီနိုင်အောင် ကျနော်တို့က တပ်မတော်စစ်စခန်းတွေက ဖြတ်ခွင့်ပေးဖို့ လူအင်အားပြတယ်။ ဒါပေမယ့် လုံးဝ ဖြတ်ခွင့်မရဘူး။ တားဖြစ်တယ်၊ ချိန်းခြောက်တယ်။ သေနတ်တွေနဲ့ ချိန်တယ်။ ဖြတ်လို့ရှိရင် ပစ်မယ့် အနေအထားအထိတောင်ဖြစ်ခဲ့တယ်။”
ဒီလို သွားလို့မရတဲ့အတွက် အထက်လူကြီးတွေနဲ့ တပ်မမှူးတွေနဲ့ ညှိနှိုင်းပြီး သွားရောက်ကူညီဖို့လည်း ခွင့်မပြုသလို မနေ့တုန်းကလည်း ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့တွေ သွားတဲ့အခါမှာလည်း သွားခွင့်မပေးခဲ့ဘူးလို့လည်း ဆရာဦးဖုန်ဆိုင်းက ပြောပါတယ်။
ဒေသခံ ဘာသာရေး၊ လူမှုအဖွဲ့တွေကို သွားခွင့်မပေးပေမယ့် အုပ်ချုပ်ရေးပိုင်းတွေကတော့ ရိက္ခာပံ့ပို့ပေးတာရှိနေပါတယ်လို့လည်း ပြောပါတယ်။
ဒီလိုသွားခွင့်မပေးတဲ့အပေါ်မှာ ဦးဖုန်ဆိုင်းက “သူတို့က ဘာလို့ အခွင့်မပေးလဲဆိုတော့ အကျိုးရင်း အကြောင်းရင်းက ဆက်စပ်ပြီးတွေးရင်တော့ ဒီလူတွေက စစ်ရှောင်ဒုက္ခသည်တွေလို့ သူတို့က မသတ်မှတ်စေချင်ဘူး။ ပြီးတော့ နိုင်ငံရေးပါတီတွေ နိုင်ငံရေးအမြတ်ထုတ်မှာကို ကြောက်တယ်။ ဒီလူတွေ အလုံးလိုက် အရင်းလိုက်ဆင်းပြီဆိုရင် တိုက်ပွဲတွေ အကြီးအကျယ်ဖြစ်လို့ စစ်ရှောင်ဒုက္ခရောက် ပါပြီဆိုတဲ့ မီဒီယာကနေတဆင့် နိုင်ငံတကာအထိ ဟိုလေးတကြော် ဖြစ်သွားမယ့်အခြေအနေကို မရင်ဆိုင်ချင်လို့ပဲလို့ ကျနော်ဒီတိုင်းပဲနားလည်တယ်” လို့ ပြောပါတယ်။
စစ်ပြေးဒုက္ခသည်တွေအနေနဲ့ သူငယ်တန်းကနေ အလယ်တန်းအထိ ကျောင်းသူကျောင်းသား ၃၀၀ လောက်ထွက်ပြေးခိုလုံရတဲ့အတွက် ကံဆီးရွာမှာ ကျောင်းတွေ ဆက်တက်ခွင့်ရပေမယ့် ကျောင်းခုံ မလုံလောက်တဲ့ အခက်အခဲရှိနေတယ်လို့လည်း ပြောပါတယ်။
ကာကွယ်ရေးဦးစီးချုပ်ကတော့ တိုက်ပွဲတွေကြောင့် ဒေသခံ ၂၀၀၀ ပိတ်မိနေတာမဟုတ်ဘဲ မီဒီယာ တချို့က မဟုတ်မမှန် သတင်းအမှားတွေ ထုတ်ပြန်နေကြတာလို့ မနေ့က သတင်းထုတ်ပြန် ငြင်းဆိုခဲ့ပါတယ်။