ဓားစာခံများအသက် ကယ်တင်ခဲ့သူကို နိုင်ငံသားအဖြစ် ပြင်သစ်အစိုးရ အပ်နှင်း

ပြီးခဲ့တဲ့လက ပြင်သစ်နိုင်ငံ ပါရီမြို့က ဂျူးကုန်တိုက်ကို အစ္စလာမ္မစ်နိုင်ငံတော်အမည်ခံ စစ်သွေးကြွတွေ တိုက်ခိုက်ခဲ့တဲ့အချိန်က ဓားစားခံတွေရဲ့ အသက်ကို ကယ်တင်ပေးခဲ့တဲ့ မာလီနိုင်ငံသား အရောင်းဝန်ထမ်းကို ပြင်သစ်အစိုးရက နိုင်ငံသားဖြစ်ခွင့် အပ်နှင်းလိုက်ပါတယ်။
ပြင်သစ် ပြည်ထဲရေးဝန်ကြီးနဲ့ ၀န်ကြီးချုပ်တို့ ကိုယ်တိုင် အသက် ၂၄ နှစ်အရွယ် လက်စာနာ ဘက်တလေကို ပြင်သစ်နိုင်ငံသား ဖြစ်ခွင့်နဲ့ ဂုဏ်ပြုဆုတံဆိပ်ကို အခမ်းအနားနဲ့ အပ်နှင်းတာ ဖြစ်ပါတယ်။
ဘက်တလေက “အခုလို ဂုဏ်ယူခံရတဲ့အတွက် ၀မ်းသာပီတိဖြစ်ရတယ်။ အားပေးထောက်ခံကြတဲ့ မိတ်ဆွေတွေ အားလုံးကို ကျေးဇူးတင်ပါတယ်” လို့ ပြောပါတယ်။
ဘက်တလေဟာ ငယ်စဉ်ကတည်းက ပြင်သစ်နိုင်ငံသားဖြစ်ဖို့ အိပ်မက်ရှိသူဖြစ်ပြီး ဇူလိုင်လတုန်းကလည်း နိုင်ငံသား လျှောက်ခဲ့ပါတယ်။
ပြင်သစ်ပြည်ထဲရေးဝန်ကြီးက “ဒီနေ့တော့ မင်းအိပ်မက်တွေတကယ်ဖြစ်လာပါပြီ။ ပြင်သစ်နိုင်ငံက ဒီလိုလူမျိုးတွေကို နိုင်ငံသားအဖြစ် ၀မ်းမြောက်ဝမ်းသာ ကြိုဆိုနေပါတယ်”လို့ ပြောပါတယ်။
ပြင်သစ်ဝန်ကြီးချုပ် မန်နူရယ် ဘောလက်စဟာလည်း စပိန်ကနေ ပြောင်းရွှေ့လာတဲ့ မိဘတွေကနေ မွေးဖွားလာသူဖြစ်ပြီး အသက် ၂၀ မှာ ပြင်သစ် နိုင်ငံသားဖြစ်လာပါတယ်။
၂၀၁၂ ခုနှစ်မှာ ပြည်ထဲရေး ၀န်ကြီး၊ ၂၀၁၄ မှာ ၀န်ကြီးချုပ် တာဝန်တွေကို ထမ်းဆောင်ခဲ့ပါတယ်။ ပြင်သစ်နိုင်ငံဟာ နိုင်ငံသားအသစ်တွေကို လက်ခံဖို့ အသင့်ရှိပြီး နိုင်ငံသား ဖြစ်လာသူတွေမှာလည်း တာဝန်တွေ တွဲပါလာတယ်လို့ ပြောပါတယ်။
ပြင်သစ်နိုင်ငံသားအဖြစ် အပ်နှင်းခံရတဲ့ ဘက်တလေဟာ ၂၀၀၆ ခုနှစ်မှာ မာလီကနေ ပြင်သစ်ကို ရောက်ပြီး စက္ကူလုပ်ငန်းကို ၅ နှစ်လောက် လုပ်ကိုင်ပါတယ်။
ဇန်န၀ါရီလ ၉ ရက်နေ့ အဖြစ်အပျက်နဲ့ ကြုံတဲ့အချိန်မှာ သူဟာ ကုန်တိုက်မှာ အလုပ်လုပ်နေတာ ၄ နှစ်ရှိပါပြီ။ အကြမ်းဖက်သမားက ကုန်တိုက်ထဲ ၀င်လာချိန်မှာ ဘက်တလေက တထိတ်တလန့်ဖြစ်နေတဲ့ ဈေးဝယ်လာသူတွေကို ကုန်တိုက်အနောက်ဘက်က အအေးခန်းထဲမှာ ၀ှက်ထားပေးခဲ့ပါတယ်။
သေနတ်သံ ကြားတဲ့အချိန်မှာ လူအများကြီး ပြေးလာပြီး အကူအညီတောင်းတော့ အအေးခန်းထဲမှာ ၀ှက်ထားပေးခဲ့တယ်လို့ BFM-TV နဲ့ အင်တာဗျူးမှာ သူက ပြောပါတယ်။
တချို့ ဈေးဝယ်လာသူတွေကို ဓာတ်လှေကားစီးပြီး ထွက်ပြေးဖို့ ပြောခဲ့ပေမယ့် အသံထွက်ပြီး သေနတ်သမားက ဒုက္ခပေးမှာကို စိုးရိမ်နေခဲ့ကြတယ်လို့ ဆိုပါတယ်။။
အဲဒီနောက်မှာတော့ ဘက်တလေက အသက်လုထွက်ပြေးခဲ့ပြီး ရဲနဲ့ တိုးပါတယ်၊၊ ကုန်တိုက်က ၀န်ထမ်းပါလို့ ရဲကို လက်ခံအောင် တနာရီခွဲကြာအောင် ရှင်းပြခဲ့ရတယ်လို့ သူက ပြန်ပြောပါတယ်။
နောက်ဆုံးမှာ ဘက်တလေက ကုန်တိုက် ဖွဲ့စည်းပုံ အနေအထားကို ရဲကို ရှင်းပြခဲ့ပြီး ရဲက ကုန်တိုက်ကို ၀င်စီး၊ သေနတ်သမားကို အသေဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။
[gallery ids="77987,77988,77989,77990"]