A d v e r t i s e m e n t With Us

ရွာသူအမျိုးသမီး ကာယိနြေ္ဒထိပါး ထိုးကြိတ်ခံရမှု တပ်က တောင်းပန်

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် နမ္မတူမြို့နယ်မှာ တပ်မတော် တပ်မ ၇၇ က တာဝန်ရှိသူတွေဟာ တပ်မတော်သားတဦးက ရွာသူအမျိုးသမီးတဦးကို ကာယိနြေ္ဒပျက်ပြားအောင်လုပ်ဆောင်ပြီး ထိုးကြိတ်ခဲ့တဲ့အပေါ် ရွာကိုလာရောက် တောင်းပန်ခဲ့ပါတယ်။ နမ္မတူမြို့အစွန် ခူဖိတ်ကျေးရွာအုပ်စု ခူမောကျေးရွာမှာ ဇန်န၀ါရီ ၂၀ ရက်နေ့ မွန်းတည့်ပိုင်းက တပ်မ ၇၇ က ရဲဘော်မောင်မောင်ဟာ မဂျာရာရဲ့ နေအိမ်ပေါ်မှာ ဆွဲရမ်းထိုးကြိတ်ခဲ့တဲ့အပေါ် တောင်းပန်ကြတယ်လို့ ခူဖိတ်ကျေးရွာလူငယ်ခေါင်းဆောင် ကိုဆန်ဂျာက ပြောပါတယ်။ “အခု တပ်မ ၇၇ က ဗိုလ်ကြီး ၄ ယောက် အဲဒီအမျိုးသမီးအိမ်မှာ ရောက်နေတယ်ဗျ။ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ရပ်မိရပ်ဖတချို့လည်း ရောက်နေတယ်။ သူတို့တပ်မတော်သား ကိုယ်စား လာတောင်းပန်တယ်။ ပြီးတော့ အဲဒီတပ်မတော်သားကို စစ်ဥပဒေနဲ့ ထောင်ချပေးမယ်လို့လည်း ပြောပါတယ်။ ဒါပေမယ့် အမျိုးသမီးနဲ့ သူ့ဆွေမျိုးတွေက အရပ်ဘက်တရားဥပဒေနဲ့ပါ စီရင်ပေးဖို့ ပြောဆိုနေကြပါတယ်။ ဘယ်လိုဆုံးဖြတ်ကြမလဲ မသိဘူး။” အသက် ၃၀ အရွယ်ရှိ  ခူမောရွာသူ မဂျာရာဟာ သူ့အိမ်မှာ တဦးတည်းရှိနေစဉ်မှာ အဲဒီစစ်သားက အိမ်ပေါ်တက်လာပြီး လက်ကိုင်ဖုန်းရောင်းရာကနေ အခင်းဖြစ်ပွားပုံကို သူက ရှင်းပြပါတယ်။ “ဒီပြင်လူကို လေးသောင်းနဲ့ရောင်းတယ်၊ မင်းကို သုံးသောင်းနဲ့ ပေးမယ်ဆိုပြီး သူ့ကို  ဖုန်းအတင်းထိုးရောင်းနေတော့ သူ့မှာရှိတယ်ဆိုပြီး မယူဘူးလို့ အမျိုးသမီးက ငြင်းတယ်။   မယူဘူးလို့ပြောပေမယ့် မပြန်နိုင်ဘူး။ ဒါကြောင့် အမျိုးသမီးက  အိမ်မှုကိစ္စလုပ်နေတာမှာ ဟိုက တခါတည်း လည်ပင်းကို ဆွဲကိုင်ပြီးမှ လုံးတော့တာပဲ။ လုံးရင်း လုံးရင်းနဲ့ ပါးနားတွေလည်း ထိုးပြီးတော့မှ မျက်စိ၊ နားတော့ အနာတရ ဖြစ်သွားတာပေါ့ကွာ။ အမျိုးသမီးက မရုန်းနိုင်တော့ဘဲ ထိုင်ခုံကြားထဲရောက်သွားတဲ့အချိန်မှာ လူနှစ်ယောက် (တရွာတည်းနေ) ရောက်လာပြီး ဘာလုပ်တာလဲဆိုတော့ ထွက်ပြေးသွားတယ်။” နောက်ပိုင်းမှာ တပ်က အဲဒီရဲဘော် မောင်မောင်ကို ဖမ်းဆီးချုပ်နှောင်ခဲ့ပြီး တပ်အရာရှိတွေကိုယ်တိုင် တောင်းပန်ကြတာဖြစ်ပါတယ်။ အမျိုးသမီးရဲ့ မျက်လုံးရောင်နေပြီး ခန္ဓာကိုယ်လည်း နာကျင်နေတယ်လို့ဆိုပါတယ်။ တပ်မ ၇၇ လက်အောက်ခံ အစိုးရစစ်ကြောင်း အင်အား ၅၀ လောက်ဟာ သူတို့ရွာကို ရောက်ရှိနေတာ ၁ လလောက်ရှိပြီဖြစ်ပြီး ရွာထဲက အိမ်တွေမှာ လူခွဲပြီး တည်းခိုနေကြတယ်လို့ ကိုဆန်ဂျာက ဒီဗွီဘီကို ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up