A d v e r t i s e m e n t With Us

ဂျပန်ဓားစာခံ ၂ ဦးအတွက် အိုက်အက်စ်အဖွဲ့ ကန်ဒေါ်လာ သန်း ၂၀၀ တောင်းဆို

အီရတ်နဲ့ ဆီးရီးယားနယ်မြေတွေကို သိမ်းပိုက်ထားတဲ့ အစ္စလာမ္မစ်နိုင်ငံတော်အမည်ခံ (အိုင်အက်စ်) စစ်သွေးကြွတွေက ဂျပန်နိုင်ငံသား ၂ ယောက်ကို ဓားစာခံ ဖမ်းထားပြီး အမေရိကန်ဒေါ်လာ သန်း ၂၀၀ တောင်းဆိုလိုက်ပါတယ်။ သူတို့အသက်ကို ကယ်ဖို့ အမေရိကန်ဒေါ်လာ သန်း ၂၀၀ တောင်းဆိုနေပုံ ရိုက်ကူးထားတဲ့ ရုပ်သံကို ဂျပန်အစိုးရက ဇန်န၀ါရီ ၂၀ ရက်နေ့မှာ အင်တာနက်ပေါ်ကနေတဆင့် ဖြန့်ချိလိုက်ပါတယ်။ ဂျပန်ဓားစာခံ ၂ ယောက်ကို လိမ္မော်ရောင်ဝတ်စုံတွေ ဝတ်ပေးထားပြီး အတူရှိနေတဲ့ ဝတ်စုံနက်နဲ့ လူက ခြိမ်းခြောက် ငွေတောင်းခဲ့တာပါ။ မျက်နှာဖုံးစွပ်ထားတဲ့ အိုင်အက်စ်အဖွဲ့ဝင်ကတော့ ဂျပန်ပြည်သူတွေကို “ခင်ဗျားတို့ အစိုးရက အစ္စလာမ္မစ်နိုင်ငံတော်ကို တိုက်ဖို့ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ပေးဖို့ ရူးမိုက်တဲ့ ဆုံးဖြတ်ချက်ကို လုပ်ခဲ့တယ်။ အခု ခင်ဗျားတို့ နိုင်ငံသားတွေကို ကယ်ဖို့ ဒေါ်လာသန်း ၂၀၀ ပေးဖို့ ခင်ဗျားတို့ အစိုးရက ဉာဏ်ရှိတဲ့ ဆုံးဖြတ်ချက်ကို ချနိုင်ဖို့ ခင်ဗျားတို့မှာ အချိန် ၇၂ နာရီရှိတယ်” လို့ ပြောပါတယ်။ ရုပ်သံတွေအရ ဖမ်းဆီးခံရသူတွေဟာ ဟရုန ယုခဝနဲ့ ခန်းဂျိ ဂိုတို တို့ ဖြစ်ပါတယ်။ ဒီရုပ်သံမှာ ရိုက်ကူးတဲ့ နေ့စွဲမပါပါဘူး။ ဒါပေမယ့် ဇန်နဝါရီ ၁၇ ရက်နေ့က ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအဘေးက အီဂျစ်နိုင်ငံ မြို့တော် ကိုင်ရိုကို သွားလည်ပတ်ချိန်မှာ အိုင်အက်စ်အဖွဲ့ကို တိုက်နေတဲ့ နိုင်ငံတွေကို စစ်ရေးမဟုတ်တဲ့ အထောက်အပံ့အနေနဲ့ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ထောက်ပံ့ဖို့ ကတိပြုခဲ့ပါတယ်။ ဇန်န၀ါရီ ၂၀ ရက်နေ့မှာတော့ ဂျပန်ဝန်ကြီးချုပ်ဟာ ဒေသတွင်းခရီးစဉ်အစိတ်အပိုင်း အနေနဲ့ ဂျေရုဆလင်မြို့ကို ရောက်နေပါတယ်။ ဖမ်းဆီးခံ ဂိုတိုဟာ တိုကျို အခြေစိုက် အလွတ်တန်း သတင်းထောက်ပါ။ သူက ယုခဝကို ဇွန်လက အီရတ်နိုင်ငံ ခရီးသွားဖို့ ကူညီခဲ့ပါတယ်။ ယုခဝရဲ့ ဖခင်ကတော့ ဘာမှတ်ချက်မှ မပေးဘဲ သတင်းအစီရင်ခံစာတွေပဲ စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီးကတော့ ရုပ်သံ စစ်၊ မစစ် စစ်ဆေးခဲ့ပြီး ပြန်ပေးဆွဲ ခြိမ်းခြောက်မှုဟာ လက်မခံနိုင်စရာ ဖြစ်ကြောင်း၊ အလွန်အမင်း မကျေနိုင်မချမ်းနိုင် ဖြစ်ရတယ်လို့ ပြောပါတယ်။ ရုပ်သံထဲက စစ်သွေးကြွကတော့ ဗြိတိသျှလေယူလေသိမ်းနဲ့ စကားပြောတာ ဖြစ်ပြီး အရင် ထုတ်ပြန်ခဲ့ဖူးတဲ့ အိုင်အက်စ်ရုပ်သံတွေထဲမှာ ပြထားတဲ့ ခြိမ်းခြောက်သူ ဘာသာရေးစစ်ဝါဒီနဲ့ တူတဲ့အသံ ရှိပုံရတယ်လို့ မီဒီယာတွေက သုံးသပ်ပါတယ်။ [gallery ids="77905,77906,77907"]

A d v e r t i s e m e n t With Us

More News
Up