ပုသိမ်တွင် လူ ၈၇ ဦး ၀မ်းလျှော
DVB
·
January 20, 2015
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် တဲသုံးလုံးကျေးရွာမှာ လူ ၈၇ ဦး ၀မ်းလျှော အော့အန်မှုတွေ ဖြစ်ပွားခဲ့တဲ့ အတွက် ဆေးကုသမှု ခံနေရပါတယ်။
အလှူကနေ အစားအသောက်စားသောက်ပြီး အခုလို ဖြစ်ပွားခဲ့တဲ့ အတွက် ဇန်န၀ါရီ ၁၈ ရက်က သလပ်ခွာကျေးရွာ တိုက်နယ်ပြည်သူ့ ဆေးရုံမှာ ဆေးကုသခံခဲ့ရတယ်လို့ ပုသိမ်မြို့နယ် ကျန်းမာရေးဦးစီးဌာနရုံးက ပြောပါတယ်။
ဇန်န၀ါရီ ၁၇ ရက် တဲသုံးလုံးကျေးရွာ ခရစ်ယာန်ဘုရားကျောင်း လွှဲအပ်ပွဲ အခမ်းအနား တက်ရောက်သူတွေကို ဝက်သားဟင်း၊ ဂေါ်ဖီဟင်းချိုတို့နဲ့ ကျွေးမွေးခဲ့တာဖြစ်ပြီး စားသောက်ပြီးနောက်မှာ ဝမ်းလျှော၊ အော့အန်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။
အစားအသောက်တွေကို စစ်ဆေးရာမှာ စမ်းသပ်လို့ မရတဲ့ အတွက် ဘာကြောင့်ဖြစ်တယ်ဆိုတာကို မသိရပေမယ့် ကူးစက်ရောဂါတော့မဟုတ်ဘူးလို့ ပုသိမ်မြို့နယ် ကျန်းမာရေးမှူးက ပြောပါတယ်။