Home
မေးမြန်းခန်း
မဘသ ဖိအားကို သံဃာ့နာယက မလွန်ဆန်နိုင်တာ တွေ့ရတယ်- ရွှေည၀ါဆရာတော်
အေးနိုင်
·
January 20, 2015
ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်သံဃာနာယကအဖွဲ့နဲ့ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ (မဘသ) ၂ ဖွဲ့က ထင်ရှားကျော်ကြားတဲ့ သံဃာ ၃ ပါးကို ဘိုကလေးမြို့မှာ တရားပွဲပင့်လျှောက်ခြင်း မလုပ်ကြဖို့ ပူးတွဲကြေညာချက်ထုတ်ပြန် တားမြစ်ပါတယ်။ အမျိုးသားဒ်ီမိုကရေစီအဖွဲ့ချုပ် ဘိုကလေးမြို့နယ်က ဗိုလ်ချုပ် အောင်ဆန်း နှစ် (၁၀၀) ပြည့် မွေးနေ့မှာ တရားပွဲကျင်းပတဲ့အခါ ပင့်လျှောက်ဖိတ်ကြားဖို့ လျာထားတဲ့ ရွှေည၀ါဆရာတော် ဦးပညာသီလ၊ ဓမ္မပီယ ဆရာတော် ဦးသံဝရာလင်္ကာရနဲ့ ဘ၀အလင်းဆရာတော်တို့ပဲဖြစ်ပါတယ်။ ဒီတားမြစ်ချက်ကြောင့် တရားပွဲကို ကြွရောက်မှာလား၊ ဒီတားမြစ်ချက်အပေါ် ဘယ်လိုမြင်သလဲဆိုတာတွေနဲ့ ပတ်သက်ပြီး ရွှေည၀ါ ဆရာတော်ကို ဆက်သွယ်မေးမြန်းထားပါတယ်။ Shwe Nga Monkအရင်ကာလတုန်းက တရားဟောခွင့်ကို အုပ်ချုပ်ရေးပိုင်းက ကန့်သတ်ရာကနေ အခုဖြစ်ရပ်က သံဃာချင်း ကန့်သတ်မှုအဆင့် ရောက်ရှိလာတဲ့ အပေါ် မိန့်ကြားပေးပါဘုရား။ အဲဒါ သူတို့ တားပိုင်ခွင့်၊ ပိတ်ပိုင်ခွင့်မရှိပါဘူး။ ဘုန်းကြီးက အဲဒီမှာ တပည့်တွေရှိတယ်၊ ဗြဟ္မစိုရ်အသင်းတွေလည်းရှိတယ်၊ အန်အယ်လ်ဒီတွေလည်းရှိတယ်။ သူတို့ လုပ်လိမ့်မယ်။ ကြွမှာပါ။ ဒါ သွေးရူးသွေးတန်းလျောက်လုပ်တဲ့ကိစ္စပါ။ သံဃာတွေအချင်းချင်းကို ၂၀၁၅ အခင်းအကျင်းထဲမှာ ပဋ္ဋိပက္ခတွေဖြစ်၊ မငြိမ်မသက်တွေဖြစ်၊ ရုန်းရင်းဆန်ခတ်တွေဖြစ်၊ အဲဒီလိုမျိုး ပုံစံမျိုးတွေဖြစ်အောင် ဒီနိုင်ငံရေး ကစားကွက်ထဲမှာ သံဃာ သံဃာချင်း အဆင်မပြေအောင် လုပ်နေတာကလည်း ရွှေ့ကွက်တမျိုးပေါ့။ အဲဒါမျိုးပါ။ အဲဒီတော့ သံဃာတွေကလည်း နိုင်ငံရေးအမြင်က တော်တော် ကျဉ်းမြောင်းကြတယ်လေ။ နိုင်ငံရေးအမြင်နဲ့ ဘာသာရေးအမြင်ကို အမျိုးသားရေးအမြင်ကို ချဉ်းကပ်တဲ့ပုံစံတွေမှာ သံဃာတွေ မပါးနပ်ဘူး။ စိတ်တော့မကောင်းပါဘူး ကြွဖြစ်အောင် ကြွမှာပါ။ ဘုန်းဘုန်းက ဒီ နှစ်တရာပြည့်ပွဲမှာ ဟောမှာလားဘုရား။ ဘာပွဲပဲဖြစ်ဖြစ် အဲဒီမှာ ဘုန်းကြီး တပည့်တွေရှိတယ်။ ရဟန်းသံဃာ တပည့်တွေလည်းရှိတယ်လေ။ သူတို့ကလည်း မကျေနပ်ဘူးလေ။ အဲဒီ သံဃာ့နာယကအဖွဲ့တွေကို၊ မဘသ အဖွဲ့တွေကိုရော ဘုန်းကြီး တပည့်တွေက သွားလျှောက်တယ်လေ။ “ကိုယ်တော်တို့က တားမြစ်ပိုင်ခွင့်ရှိလို့လား၊ ကိုယ်တော်တို့ တားမြစ်ရလောက်အောင် ဘာသြဇာအာဏာရှိလို့လဲ။ ပြည်သူလူထုနဲ့ ကိုးကွယ်ခံ ဘုန်းကြီးတပါး အဆင်ပြေလို့ရှိရင် ကိုယ်တော်တို့ ဘာဖြစ်လို့ ကြားထဲကနေ ဒီလိုမျိုးလုပ်တာလဲ။ ဒါဟာ ရဟန်းသံဃာအချင်းချင်းကို ပဋ္ဋိပက္ခဖြစ်အောင် ကိုယ်တော်တို့ဘက် စပြီးတော့ တာဆူတာပဲ။ အဲဒါဆိုရင်တော့ ရွှေည၀ါဆရာတော်က အဲဒီလို စိန်ခေါ်မှုမျိုးကို သိပ်ကြိုက်တယ်လို့၊ တပည့်တော်တို့ကလည်း လုပ်မှာလို့။ လုပ်ရင် ဟိုက ကြွမှာလို့။ အဲဒီတော့ ကိုယ်တော်တို့ အနေအထားမျိုးတွေနဲ့ ဒီလိုမျိုး တားမြစ်ပိုင်ခွင့် လုံးဝမရှိဘူး” ဆိုပြီး ဘုန်းကြီးတပည့်တွေက သွားပြောတယ်လေ။ တပည့်တွေဆိုတာ သံဃာတွေ ။ ဘုန်းကြီးတပည့်တွေထဲ သံဃာတွေက မြန်မာပြည်မှာ အများကြီးရှိတယ်။ ဒီဖြစ်ရပ်မျိုးဟာ ၂၀၀၇ ခုနှစ်ပိုင်းလောက်က အရပ်သားတွေကပဲ စွမ်းအားရှင်ဆိုပြီး ပုံစံတမျိုးနဲ့ လုပ်ခဲ့တယ်။ အခုကျတော့ တဖက်ကလည်း သံဃာအဖွဲ့တွေ နှစ်ဖွဲ့က ပူးတွဲတားတယ်၊ ဒီဘက်က ဘုန်းဘုန်းကိုယ်တိုင်ကလည်း ကြွမယ်ဆိုတော့ သံဃာချင်း ထိပ်တိုက်တွေ့မှာကို မရှောင်လွှဲဘူးလားဘုရား။ တိုင်းဒေသကြီးအစိုးရကိုတော့ ဘုန်းကြီးအကြောင်းကြားမယ်လေ။ ကျုပ်တရားပွဲကျင်းပမယ်၊ ဘယ်နေ့ ဘယ်ရက် ဘယ်အချိန် ဘိုကလေးကို ရောက်မယ်။ ခင်ဗျားတို့ ဘက်က တာဝန်ခံမှု တာဝန်ယူမှု ဘယ်လိုလုပ်မလဲ။ ကျုပ်တို့ကတော့ အဆင်ပြေအောင် ညှိနှိုင်းပြီးတော့ သံဃာချင်း ပဋ္ဋိပက္ခမဖြစ်ဖို့အရေးကို လိုလားတယ်။ ဒီလိုအခြေအနေဆိုးတွေနဲ့ တိုင်းပြည်ဟာ ယောက်ယက်ခတ်နေတဲ့အချိန်အခါမျိုးမှာ ဘာသာရေးအခင်းအကျင်းတွေမှာ ဒီလိုမျိုး မတင့်မတယ်၊ ကျက်သရေမဲ့တဲ့၊ သိက္ခာမဲ့တဲ့၊ ဂုဏ်မဲ့တဲ့ လုပ်ရပ်မျိုးတွေကို သံဃာတွေ နှုတ်ကလည်း ပြောချင်သလို ပြောနေကြတယ်။ ကာယကံမြောက်တွေလည်း လုပ်ချင်သလို လုပ်နေကြတယ်။ အဲဒါမျိုးတွေနဲ့ ပတ်သက်ပြီးတော့ အပြန်အလှန် လေးလေးစားစားနဲ့ အေးအေးဆေးဆေး ဆွေးနွေးမယ်ဆိုရင်တော့ အဆင်ပြေ ရှိနိုင်တာပေါ့လို့။ ဒီလိုမှ မဟုတ်ဘူးဆိုရင်တော့ မြန်မာပြည် ထေရ၀ါဒ ဗုဒ္ဓဘာသာ သာသနာ ကလည်း အင်မတန်မှကို ရှက်စရာကောင်းနေပါပြီလို့။ တိုင်းဒေသကြီးအစိုးရကို ကျုပ်က သွားမယ်ဆိုရင်တော့ အကြောင်းကြားမယ်လေ။ မြို့နယ်သံဃာ့နာယက အဖွဲ့ပါတယ်ဆိုတော့ သက်ဆိုင်ရာ အဆင့်ဆင့် ခရိုင်၊ တိုင်း၊ ဗဟိုအထိ အောက်ခြေက တားမြစ်တဲ့အပေါ် တင်ပြလျှောက်ထားတာမျိုးရော မလုပ်ဘူးလား။ မလုပ်ပါဘူး။ သံဃနာယကအဖွဲ့အစည်းတွေထဲမှာလည်းပဲ ကိုယ့်ဟာကိုယ် အေးအေးလူလူနဲ့ ဘယ်နေရာမှ ၀င်မရှုပ် ၀င်မပါဘဲနဲ့ အေးအေးလူလူ ကိုယ့်တာဝန် ကိုယ်ထမ်းနေတဲ့ ဘုန်းတော်ကြီးတွေလည်း အများကြီးပါ။ အခုဟာက စွာကျယ် စွာကျယ်လုပ်နေတာက အလုပ်အကိုင်မရှိဘဲနဲ့ ဂယောင်ချောက်ခြားတွေက အဲဒီ မဘသတို့။ သံဃနာယကတို့ထဲ ၀င်၊ ၀င်ပြီးတော့ ထင်ရာတွေ လုပ်နေတဲ့အတွက် မဘသ အဖွဲ့အစည်းလည်းပဲ ဂုဏ်သိက္ခာညှိုးနွမ်းတာပေါ့ဗျာ။ သံဃနာယကအဖွဲ့အစည်းတွေကလည်း မဘသ အဖွဲ့အစည်းရဲ့ ဖိအားကို မလွန်ဆန်နိုင်တာ တွေ့ရတယ်လေ။ ဒီအတိုင်း ဆက်လုပ်နေရင် ဒီတားမြစ်ဆောင်ရွက်ချက်ဟာ သံဃာထုအကြားမှာ ကြုံလာကောင်း ကြုံလာနိုင်တယ်ဆိုပြီး ရေးရင် မှန်မလားဘုရား။ မှန်တာပေါ့။ ဒါဟာ နိုင်ငံရေး ကစားကွက်ထဲမှာ အသုံးချတဲ့ ကစားကွက်တခုပဲလေ။ နိုင်ငံရေးမတည်ငြိမ်မှုနဲ့ အမျိုးသားရေးနဲ့ ဘာသာရေး အဲဒီ ဆုံမှတ်သုံးခုမှာ ဘာသာရေးခေါင်းဆောင်တွေကို အချင်းချင်း ပဋ္ဋိပက္ခဖြစ်အောင်၊ မသင့်မတင့်ဖြစ်အောင်၊ ညီညွတ်ရေးကွဲပြားအောင်။ စည်းလုံးရေးတွေ ပျက်စီးအောင် ဒီလိုမျိုးလုပ်ပြီးတော့ အချင်းချင်း အပြန်အလှန်တိုက်ခိုက်ပြီး အဲဒီကနေ ပေါက်ကွဲမှုတွေဖြစ်၊ အဲဒီမှာ လုပ်ကြံမှုတွေ ဘာတွေ ပေါ်ပေါက်လာနိုင်တာပေါ့ဗျာ။ အဲဒါမျိုးအခင်းအကျင်းတွေ ဖြစ်သွားတယ်ဆိုလို့ရှိရင် တိုင်းပြည်ဟာ တော်တော်မကောင်းတဲ့ လက္ခဏာတွေ၊ မတွေးဝံ့စရာ အခြေအနေဆိုးတွေ ကြုံကြိုက်လာနိုင်တာပေါ့ဗျာ။ အရှေ့အလယ်ပိုင်းတိုင်းပြည်လည်းမဟုတ်ဘူး။ အစ္စလာမ်မစ်တိုင်းပြည်လည်းမဟုတ်ဘူး။ ကျုပ်တို့က ထေရ၀ါဒ ဗုဒ္ဓဘာသာတိုင်းပြည်။ ဗုဒ္ဓဘုရားက ငြိမ်းချမ်းရေးကို ရှေးရှု ပြီးတော့ သူ့သာသနာကို တည်ထောင်ခဲ့တာ။ အခုဟာက တချို့သာသံဃာတွေက ငြိမ်းချမ်းရေးကို ရှေ့ မရှုဘဲ ပဋ္ဋိပက္ခကို ဖြစ်စေတဲ့ အပြုအမူတွေဟာ ရိုးရိုးသားသား မဟုတ်ဘူးဆိုတာ ဒါက နည်းနည်း လေ့လာလို့ရတာပေါ့ဗျာ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024