ဒဏ်ရာနာကျင်မှု လုံးဝမခံစားရတော့ပဲ ကောင်းကောင်း ကစားနိုင်ပြီဖြစ်သလို ကြံ့ခိုင်မှုအပြည့် ရှိနေပြီလို့ အင်္ဂလန် ပရီးမီးယားလိဂ် မန်ချက်စတာ ယူနိုက်တက် ကလပ်အသင်းရဲ့ တိုက်စစ်မှူး ဖယ်ကာအိုက ပြောဆိုလိုက်ပါတယ်။
ဆောက်သင်တန်ကို ရှုံးခဲ့တဲ့ပွဲမှာ အရန်စာရင်းမှာ မပါခဲ့ပေမဲ့ ကျူပီအာနှဲ့ အဝေးကွင်းပွဲမှာတော့ မိနစ် ၉၀ အပြည့် ပါဝင်ကစားခဲ့ပါတယ်။

အဲဒီ့ပွဲမှာ ဖယ်ကာအို ဂိုးရဖို့ အခွင့်အရေး ၂ ကြိမ် ရခဲ့ပေမဲ့ ဂိုးသမား ရောဘတ်ဂရင်းရဲ့ ကာကွယ်မှုကြောင့် ဂိုးမရရှိခဲ့သလို ရွန်းနီ၊ ဒီမာရီယာစတဲ့ အသင်းရဲ့ အားထားရတဲ့ ကစားသမား တွေ လည်း ဂိုးမရခဲ့ပါဘူး။
မာတာအစားဝင်လာတဲ့ ဖယ်လာနီနဲ့ အီဗန်းစ် အစားဝင်လာတဲ့ ၀ီလ်ဆင်တို့ရဲ့ ဂိုးတွေနဲ့သာနိုင်ခဲ့တာပါ။
အဲဒီပွဲမှာ မန်ယူနည်းပြ ဗန်ဂေါရဲ့ ကစားကွက်အပေါ် ပရိသတ်တွေက အော်ဟစ် လှောင်ပြောခဲ့ကြပါတယ်။
ပထမပိုင်းမှာ ၃-၅-၂ ကစားကွက်နဲ့ ပွဲထွက်ခဲ့ပြီး ကျူပီအာတိုက်စစ်ကို အလူးအလဲ ကာကွယ်ခဲ့ရသကဲ့သို့ ရှေ့တန်းမှလည်း ဂိုး မရရှိခဲ့ပါဘူး။
ဒုတိယပိုင်းမှာ ၄-၄-၂ ပုံစံ ကစားခဲ့ပြီး နောက်တန်း တည်ငြိမ်လာသလို ပြိုင်ဘက်ကိုလည်း ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
ဗန်ဂေါလ်ကတော့ သူ့အနေနဲ့ ပရိသတ်တွေရဲ့ အသံနဲ့ မေးခွန်းတွေကို ဂရုစိုက်နေမှာ မဟုတ်ဘဲ ကစားသမား အခြေအနေနဲ့ ပွဲအပေါ် သုံးသပ်မှုနဲ့ ကစားကွက်ကို လိုသလို အသုံးပြုမယ်လို့ ပြောပါတယ်။
ပရိသတ်အလိုကျဖို့ သူရဲ့ ကစားကွက်ကို ပြောင်းပေးမယ့် နည်းပြ မဟုတ်ဘူးလို့ လည်း ပြောသွားပါတယ်။