အနောက်တပ်ဖွဲ့နှင့် အစ္စလာမ္မစ်နိုင်ငံ တပ်ဖွဲ့ ပထမဆုံး မြေပြင်တိုက်ပွဲဖြစ်

1K
အနောက်နိုင်ငံတပ်ဖွဲ့တွေနဲ့ အိုင်အက်စ် (အစ္စလာမ္မစ်နိုင်ငံ) အဖွဲ့အကြား လွန်ခဲ့တဲ့ရက်ပိုင်းက ပထမဆုံးအကြိမ် မြေပြင်တိုက်ပွဲဖြစ်တယ်လို့ အဆင့်မြင့်အရာရှိတဦးကို ကိုးကားပြီး အေအက်ဖ်ပီသတင်းက ရေးပါတယ်။
ကနေဒါ အထူးတပ်ဖွဲ့နဲ့အိုင်အက်စ်တပ်ဖွဲ့တို့ အီရတ်နိုင်ငံမှာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ခဲ့တာလို့ ဆိုပါတယ်။
ရှေ့တန်းစစ်မြေပြင်အနီးမှာ အီရတ်တပ်ဖွဲ့တွေကို သင်တန်းပေးရန် ကနေဒါတပ်ဖွဲ့ဝင် တွေက ရောက်ရှိနေတာ ဖြစ်ပြီး စက်သေနတ်တွေ၊ မော်တာနဲ့ ပစ်ခတ်မှုတွေကို ခုခံ ပစ်ခတ်တာဖြစ်တယ်လို့ ကနေဒါအထူးတပ်ဖွဲ့ တပ်မှူး ဗိုလ်မှူးချုပ် Michael Rouleau က ပြောပါတယ်။
ကနေဒါတပ်ဖွဲ့ဟာ ရှေ့တန်းစစ်မြေပြင်နဲ့ မီတာအနည်းငယ်အကွာ နောက်တန်းမှာ အီရတ်အကြီးတန်း အရာရှိတွေနဲ့ တွေ့ဆုံပြီး စီမံချက်ရေးဆွဲမှုပိုင်း အပြီးသတ် ဆောင်ရွက်ပြီးစီးပြီလို့ သူက ပြောပါတယ်။
ကနေဒါတပ်ဖွဲ့ဝင်တွေက စနိုက်ပါ အသုံးပြုတိုက်ခိုက်ခဲ့တာဖြစ်ပြီး တပ်ဖွဲ့ဝင်တွေ ထိခိုက် ဒဏ်ရာ ရရှိတာ မရှိဘူးလို့ဆိုပါတယ်။
ဆီးရီးယားနိုင်ငံ အိုင်အက်စ်အုပ်စုက ထိန်းသိမ်းထားတဲ့ ဓားစာခံတွေ လွတ်မြောက်ဖို့ အမေရိကန်ပြည်ထောင်စုရဲ့ မြေပြင်စစ်ဆင်ရေး မအောင်မြင်ခဲ့တဲ့ သတင်းတွေ အစောပိုင်းက ထွက်ခဲ့ပါသေးတယ်။
ဒါပေမယ့် အနောက်အုပ်စုတပ်ဖွဲ့ဝင်တွေအနေနဲ့ မြေပြင်တိုက်ပွဲကို ဆင်နွှဲဖို့ တရားဝင်ပူးပေါင်းထားခြင်းတော့ မရှိပါဘူး။
အမေရိကန်ဦးဆောင်တဲ့ နိုင်ငံတကာပူးပေါင်းရေးတပ်တွေက အီရတ်နိုင်ငံနဲ့ ဆီးရီးယား နိုင်ငံက အိုင်အက်စ်အဖွဲ့အပေါ် မနှစ်က စတင်ပြီး လေကြောင်းတိုက်ပွဲဆင်နွှဲရာမှာ ကနေဒါ နိုင်ငံက အီရတ်စစ်ဆင်ရေးမှာသာ ပါဝင်ဆောင်ရွက်ပါတယ်။
