အီဘိုလာရောဂါ ကင်းစင်ပြီဖြစ်ကြောင်း မာလီနိုင်ငံ ကြေညာ

2.6K
အာဖရိကနိုင်ငံတနိုင်ငံဖြစ်တဲ့ မာလီနိုင်ငံက ပြီးခဲ့တဲ့ ၄၂ ရက်အတွင်း နောက်ထပ် အီဘိုလာရောဂါ ကူးစက်မှု မရှိတော့လို့ အီဘိုလာကင်းစင်နိုင်ငံဖြစ်ပြီလို့ မာလီကျန်းမာရေးဝန်ကြီးက ဇန်န၀ါရီ ၁၈ ရက်နေ့က ကြေညာပါတယ်။
“ဒီနေ့ မာလီနိုင်ငံမှာ အီဘိုလာရောဂါ အမြစ်ပြတ်သွားပြီဆိုတာကို ကြေညာပါတယ်။”လို့ ကျန်းမာရေးဝန်ကြီးက ကြေညာသွားတာပါ။
နောက်ဆုံး အီဘိုလာရောဂါကူးစက်ခံရတဲ့ လူနာဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလဆန်းပိုင်းက ရောဂါပျောက်ကင်းခဲ့ပြီး ဆေးရုံက ဆင်းသွားခဲ့ပြီဖြစ်ပါတယ်။
အီဘိုလာရောဂါ အဆိုးဆုံးဖြစ်ပွားခဲ့တဲ့ အနောက်အာဖရိကနိုင်ငံ ၃ နိုင်ငံမှာလည်း အီဘိုလာရောဂါ ကူးစက်နှုန်း သိသိသာသာ ကျဆင်းနေတာပါ။
ဆီရာလီယွန်နိုင်ငံနဲ့ ဂီနီနိုင်ငံတွေမှာ ပြီးခဲ့တဲ့နှစ် သြဂုတ်လကစပြီး ရောဂါကူးစက်နှုန်းဟာ အနိမ့်ဆုံးကို ရောက်နေတယ်လို့ ကုလသမဂ္ဂက ဇန်န၀ါရီ ၁၅ ရက်နေ့က ကြေညာခဲ့ပါတယ်။
လိုင်ဘေးရီးယားနိုင်ငံမှာတော့ ပြီးခဲ့တဲ့နှစ် ဇွန်လကတည်းက ရောဂါထပ်မံကူးစက်နှုန်း ကျဆင်းခဲ့ပြီး လွန်ခဲ့တဲ့ ၂ ရက်အတွင်း ရောဂါထပ်မံကူးစက်မှု မရှိတော့ဘူးလို့ ကျန်းမာရေးအာဏာပိုင်တွေက ပြောဆိုပါတယ်။
ပြီးခဲ့တဲ့နှစ် မတ်လက တကျော့ပြန်ဖြစ်ပွားလာတဲ့ အီဘိုလာရောဂါကြောင့် ရောဂါကူးစက်ခံရသူ ၂၁၃၀၀ နီးပါးမှာ သေဆုံးသူ ၈၄၀၀ ကျော် ရှိခဲ့တာပါ။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ဂီနီနိုင်ငံက ရောက်ရှိလာတဲ့ အသက် ၂ နှစ်အရွယ် ကလေးငယ်ကနေတဆင့် မာလီနိုင်ငံကို စတင်ရောဂါကူးစက်ခဲ့တာပါ။
ကလေးငယ်လည်း နောက်တော့ သေဆုံးသွားခဲ့ပြီး လူ ၃၀၀ လောက်ကို အနီးကပ် စောင့်ကြည့်ခဲ့ရပါတယ်။
အီဘိုလာရောဂါဟာ ရောဂါပျိုးကာလ ၂၁ ရက်ကြာမြင့်တာကြောင့် ရောဂါပျိုးကာလ ၂ ခုဆက်တိုက် ၄၂ ရက်အတွင်း နောက်ထပ်ရောဂါကူးက်မှု မရှိတော့ဘူးဆိုရင် အီဘိုလာရောဂါ ကင်းစင်နိုင်ငံအဖြစ် ကြေညာနိုင်တာ ဖြစ်ပါတယ်။
[gallery ids="77685,77686,77687,77688"]