အရှေ့အလယ်ပိုင်းဒေသက အစ္စရေးနိုင်ငံကို ရောက်ရှိနေတဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘေးဟာ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနဲ့ ဇန်န၀ါရီလ ၁၈ ရက်နေ့က တွေ့ဆုံပြီး နှစ်နိုင်ငံ စီးပွားရေး ကိစ္စတွေကို ဆွေးနွေးပါတယ်။

“ဂျပန်ဝန်ကြီးချုပ်ရဲ့ အခုခရီးစဉ်ဟာ ကျနော်ရဲ့ ဂျပန်ခရီးစဉ်အတွက် တုံ့ပြန် ခရီးစဉ်ဖြစ်ကြောင်းနဲ့ နှစ်နိုင်ငံပြည်သူတွေကြားမှာ ကြီးမားတဲ့ စွမ်းဆောင်ရည်တွေကို ပူးပေါင်း ဆောင်ရွက်ကြဖို့ သမိုင်းဝင် အခွင့်အရေးဖြစ်တယ်လို့ ပြောပါတယ်။
အစည်းအဝေးအပြီး သူတို့နှစ်ဦးဟာ အစ္စရေးကုမ္ပဏီတွေက စီစဉ်တဲ့ အထူး နည်းပညာပြပွဲကို သွားကြည့်ပါတယ်။
ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ နေတန်ယာဟုက အစ္စရေးအနေနဲ့ အာရှဒေသထဲက စီးပွားရေး မိတ်ဆက်တွေကို တိုးချဲ့ဖို့ ကြိုးစားနေချိန်မှာ ဂျပန်ရဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေအတွက် ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။
ဂျပန်ဟာ တီထွင်ဆန်းသစ်မှု ထွန်းကားတဲ့ တိုင်းပြည်ဖြစ်တယ်။ ဒီလိုပဲ အစ္စရေးဟာလည်း တီထွင်မှုထွန်းကားတဲ့ တိုင်းပြည်ဖြစ်လို့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဟာ အများကြီး အကျိုးဖြစ်ထွန်းနိုင်တယ်လို့ ဆိုပါတယ်။
နတန်ယာဟုက ဇန်န၀ါရီ ၁၈ ရက်နေ့အစောပိုင်းက ပြောတဲ့ ကက်ဘိနက်အဖွဲ့မိန့်ခွန်းမှာ အနောက်နိုင်ငံတွေမှာ ဂျူးဆန့်ကျင်ရေး လှိုင်းတံပိုင်းတွေ ပြင်းထန်နေချိန်ဖြစ်လို့ အာရှနဲ့ ကုန်သွယ်ရေးကို ချဲ့ထွင်ဖို့ လိုအပ်တယ်လို့ ပြောခဲ့ပါတယ်။
ဂျပန်ဝန်ကြီးချုပ်ကလည်း အစ္စရေးနဲ့ ဂျပန်တို့ နှစ်နိုင်ငံဟာ သဘာဝသံယံဇာတ မရှိတဲ့ နိုင်ငံတွေ ဖြစ်ပြီး လူသားအရင်းအမြစ်နဲ့ တီထွင်မှုတွေဟာ နိုင်ငံလုံးစလုံးအတွက် အရေးကြီးတယ်။ နှစ်နိုင်ငံစလုံးမှာ ရှိတဲ့ လူသားအရင်းအမြစ်တွေကို ပူးပေါင်းဆောင်ရွက်ခြင်းဟာ အနာဂတ်မှာ တီထွင်မှုတွေကို လမ်းဖွင့်ပေးနိုင်မယ်လို့ ဆိုပါတယ်။
ဥရောပဟာ အစ္စရေးရဲ့ အကြီးဆုံးကုန်သွယ်ဖက် ဖြစ်ပါတယ်။ ဒါပေမယ့် ပါလက်စတိုင်း အရေး၊ ပါရီမှာ ဇန်န၀ါရီ ၉ ရက်နေ့က ကြုံခဲ့သလိုမျိုးး ဂျူးဆန့်ကျင်ရေး အဖြစ်အပျက်တွေအပေါ် ဥရောပရဲ့ ပေါ်လစီနဲ့ ပတ်သက်လို့ အစ္စရေးနဲ့ ဥရောပအစိုးရတွေကြားထဲမှာ သဘောကွဲလွဲမှုတွေ ပေါ်ပေါက်နေချိန်မှာ အစ္စရေးဟာ ဂျပန်နဲ့ တရုတ်တို့နဲ့ စီးပွားရေးမှာ ချိန်ခွင်လျှာပြန်ညှိဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။