Home
မြန်မာသတင်း
ကိုပါကြီးအမှု အပါအ၀င် စက်တင်ဘာလဖြစ်စဉ်နှင့် ပတ်သက်ပြီး ရှင်းလင်း
နော်နိုရင်း
·
January 19, 2015
ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကုန်ပိုင်းက မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ အစိုးရတပ်နဲ့ ဒီကေဘီအေတပ်တို့အကြား တိုက်ပွဲဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဖြစ်စဉ်မှာ အဓိက ပါဝင်ခဲ့သူ ဒီကေဘီအေ တပ်မှူးဟောင်း ဒု-ဗိုလ်မှူးကြီး စောဆန်းအောင်က ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကော့နှင်းရွာမှာ သတင်းထောက်တွေကို တွေ့ဆုံ ရှင်းလင်းခဲ့တာပါ။ 10428424_612554788889904_3766449656931925436_nဒီကေဘီအေ လိုထူးဘောဗျူဟာကနေပြီး အစိုးရတာဝန်ရှိ ၈ ဦးကို ထိန်းသိမ်းခဲ့တာနဲ့ ပတ်သက်လို့ သူက“ ဒီလိုပါ။ ကျနော်တို့ကို ယူနီဖောင်းလာချွတ်ခိုင်းမှာ ကြောက်လို့ ဖမ်းဆီး ထိန်းသိမ်းထားတာပဲ ရှိတယ်။ ဖမ်းထားတာက နာမည်ပါပဲ ကြိုးနဲ့လည်း မချီပါဘူး။ အချုပ်ထဲလည်း မထည့်ပါဘူး။ ကျနော်တို့က သူတို့ကို အရင် မထိန်းသိမ်းထားဘူးဆိုရင် သူတို့က ကျနော်တို့ကို မင်းတို့နယ်မြေ မဟုတ်ဘူးဆိုပြီး သေနတ် သိမ်းမယ်။ ဘာလို့လဲဆိုတော့ သူတို့လာတဲ့ကားပေါ်မှာ လက်နက်ကြီးတွေ ပါပါတယ်။ ကျနော်တို့ လက်နက်ကို သိမ်းဖို့ လာတယ်လို့ပဲ မြင်တယ်။ ဘာလို့လဲ ဆိုတော့ ကျနော်တို့လက်နက်လည်း အသိမ်းခံခဲ့ရဖူးပြီလေ။ တခါ နှစ်ခါတောင်မှ။ နောက်ယူနီဖောင်းလည်း ချွတ်ခံရတယ်။ အဲဒါကြောင့်။” ဒါအပြင် သူတို့ပဋိပက္ခအတွင်း သေဆုံးသွားခဲ့တဲ့ အလွတ်တန်းသတင်းထောက် ကိုအောင်နိုင် (ခ) ကိုပါကြီးကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း ရှင်းပြပါတယ်။ “ကိုပါကြီးက အင်မတန်မှ စိတ်ကောင်း နှလုံးကောင်းရှိတဲ့လူဗျ။ ကျနော်တို့နဲ့ဆိုရင် ဒီကေဘီအေမှာ တွေ့တယ်။ ကရင်နှစ်သစ်ကူးတွေမှာ တွေ့တယ်။ သူက သတင်းယူတဲ့အခါကျတော့ သူက အနီးကပ်သတင်း ရချင်တယ်လေ။ သတင်းအချက်အလက်တွေ ပြည့်ပြည်စုံစုံရဖို့ဆိုပြီး သူက ကျနော့်နဲ့ သွားလာတာ။ တခါတလေပါပဲ။ အမြဲတမ်း မဟုတ်ပါဘူး။ အမှန်က ရန်ကုန်မှာ ကျနော်တို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲသွားဖို့ သူက ကျနော်နဲ့ ပါသွားတာ။ ဟိုမှာကျတော့ သူတက်လို့ မရဘူး။ တက်မရတော့ သူ့ဘာသာသူ နေတယ်။ သူက အလွတ်သတင်းထောက်ဆိုတော့ ပိုက်ဆံလည်း မရှိဘူးလေ။ အဲတော့ ကျနော့်နောက်လိုက်သွားလိုက်လာရင်းနဲ့ အဲဒီထဲမှာ သူပါလာတာပေါ့ဗျား” ကိုပါကြီးဟာ ဒီကေဘီအေ တပ်ဖွဲ့ဝင်လည်း မဟုတ်သလို သူ့ကို တိုက်ဖို့ခိုက်ဖို့လည်း အားပေး အားမြောက်တာ မရှိခဲ့ဘူးလို့လည်း ပြောပါတယ်။ စက်တင်ဘာလက ဖြစ်စဉ်မှာ အစိုးရတပ်က သူတို့ကို လိုက်လံရှင်းလင်းပုံနဲ့ ကိုပါကြီး သေဆုံးမှုနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးကော်မရှင်ရဲ့ အစီရင်ခံစာကိုလည်း ဗိုလ်မှူးဆန်းအောင်က ရှင်းပြပါတယ်။ “ကော်မရှင်ကပြောတယ် ပြည်သူကို အကောက်တဲလို့ ရေးထည့်ထားတယ်။ အမှန်မှာ က ကျနော်တို့ရဲ့ တပ်ပေါ့ဗျာ။ ကျနော်တို့က ပိုက်ဆံမရှိတော့ အဲဒါက ကျနော်တို့စခန်း ကျနော်တို့ ဘားရက်ပေါ့။ ဒါကို သူတို့က အကောက်တဲလို့ ပြောတယ်။ တခါတလေ သစ်ကားတွေ လာတယ်။ ပိုက်ဆံ ၁၀၀၀ ဘတ် ပေးသွားတာ ရှိတယ်။ ၂၀၀၀ ပေးတာ ရှိတယ်။ ၁ လကိုမှ ၃၊ ၄ ခါပဲလာ တာကို သူတို့က အကောက်တဲတဲ့။ နောက်ပြီးတော့ အဲဒီမှာ ကျနော်တို့ကို လိုက်ပြီး သုတ်သင်နှိမ်နင်း တဲ့အထဲမှာ တပ်မ ၂၂ က လုပ်တယ်။ ဒါပေမယ့် အမှတ် ၁၉ လို့ ရေးထည့်ထားတယ်။ ဒါကို မလိမ့်တပတ်လုပ်ထားတာပေါ့။” ဒီကေဘီအေဌာနချုပ်က ဒုဗိုလ်မှူးကြီး စောဆန်းအောင်ကို ကျိုက်မရောဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရှင်းလင်းဖို့ ဆင့်ခေါ်ခဲ့ရာမှာ မလာတဲ့အတွက် အဖွဲ့ကနေ ထုတ်ပယ်ခဲ့ပါတယ်။ အဲဒီအချိန်ကလည်း အစိုးရတပ်တွေက ပိတ်ဆို့ တိုက်ခိုက်မှုကြောင့် ဌာနချုပ်ကို မသွားနိုင်ခဲ့တာဖြစ်ကြောင်းနဲ့ သူ့ကို ထုတ်ပယ်တဲ့ အပေါ် နားလည်ကြောင်း ပြောပါတယ်။ “အဲဒီအချိန်မှာ ကျနော်လည်း သွားရေးလာရေးခက်တယ်လေ။ တပ်မ ၂၂၊ စကခ ၁၉၊ စကခ ၁၂၊ နောက် ကြာအင်းဆိပ်ကြီးစစ်ဗျူဟာ အဲဒီတပ်တွေ စုစည်းပြီးတော့ ကျနော့်ကို ပိတ်ဆို့တိုက်တဲ့ အခါကျတော့ ကျနော် လွယ်လင့်တကူနဲ့ မသွားနိုင်ဘူးဗျာ။ အခုတောင် သတင်းစာရှင်းလင်းပွဲလုပ်တဲ့ အချိန်မှာ ကား ၃ စီးရောက်လာပြီး။ ကျနော့်ကို နှိမ်နင်းဖို့ပေါ့လေ။” ဒေသခံအာဏာပိုင်တွေက ဒီနေ့ သတင်းစာရှင်းလင်းပွဲ သွားတဲ့ နယ်စုံက သတင်းထောက် အယောက် ၂၀ ခန့်ကို ဖိအားပေးတားမြစ်တယ်လို့ သတင်းထောက်တဦးက ပြောပါတယ်။ “သတင်းစာရှင်းလင်းပွဲလုပ်ဖို့ ပထမကောင်းမှုမှာ လုပ်ဖို့ အစီအစဉ်လုပ်ထားတယ်။ မီဒီယာတွေ အကုန်ရောက်တဲ့အချိန်မှာ သူတို့ရဲ့ အခြေအနေရ တနေရာကို ပြန်ရွှေ့တယ်။ ရွှေ့တဲ့အချိန်မှာပဲ အနောက်ကနေ တောက်လျှောက် ကျမတို့ကို လိုက်ပို့တဲ့ ကားသမားတွေကို ဖုန်းတွေဆက်ပြီးတော့ မင်းတို့ ၀င်မပါနဲ့။ ဒီကောင်အဖွဲ့က သတင်းစာရှင်းလင်းပွဲလုပ်လို့မရဘူး။ အဲလိုတွေလှမ်းပြောတယ်။ ညီမတို့ကလည်း စောဆန်းအောင်နဲ့ လမ်းမပေါ်မှာပဲ လုပ်ခဲ့ရတာပေါ့။” သတင်းထောက်တွေနဲ့ စောဆန်းအောင်တို့ မေးမြန်းကြစဉ်အစိုးရတပ်က လိုက်လံပိတ်ဆို့မှုတွေ ရှိ တယ်လို့လည်း ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024