ပဋိပက္ခတွင်း သေဆုံးသူများအတွက် ယူကရိန်းတွင် ငြိမ်းချမ်းရေးဆုတောင်းပွဲ ပြုလုပ်

960
ယူကရိန်းနိုင်ငံမြို့တော် ကီယက်မှာ လူထောင်နဲ့ ချီပြီး လွတ်လပ်ရေးရင်ပြင်မှာ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၇ ရက်နေ့က ငြိမ်းချမ်းရေး ဆုတောင်းပွဲတခု ပြုလုပ်ပါတယ်။
နိုင်ငံအရှေ့ပိုင်းမှာ ပေါ်ပေါက်နေတဲ့ ပဋိပက္ခတွေအတွင်း သေဆုံးသွားသူတွေအတွက် ဆုတောင်းပွဲမှာ တချို့တွေက ငါတို့လည်း ဗော်နိုဗာကာ ဖြစ်တယ်လို့ ရေးသားထားတဲ့ ဆိုင်းပုဒ်တွေကို ကိုင်ထားကြပါတယ်။
အရင်တပတ်က ခရီးသည်တင် လိုင်းကားတစီးတိုက်ခိုက်ခံရပြီး လူ ၁၂ ယောက် သေဆုံးခဲ့တဲ့ အဖြစ်အပျက်ကို ရည်ညွန်းတာပါ။
ယူကရိန်းသမ္မတ ပိုရိုရှန်ကိုက ဒန်းညက်စ်လေဆိပ်မှာ ခွဲထွက်ရေးသူပုန်တွေကို ခုခံတိုက်ခိုက်နေကြတဲ့ စစ်သားတွေကို ချီးမွှမ်းစကား ပြောပါတယ်။
ယူကရိန်းပိုင်မြေကို ဘယ်လို ကာကွယ်ရမလဲဆိုတာကို စစ်သားတွေက နမူနာ ပြနေတယ်လို့ ပြောပြီး ယူကရိန်းမြေကို နည်းနည်းမှ အဆုံးရှုံး မခံနိုင်ဘူးလို့လည်း ပြောပါတယ်။
စစ်တပ် ပြောခွင့်ရသူတယောက်က ဒွန်းညက်လေဆိပ် တိုက်ပွဲမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း အစိုးရစစ်သား ၄ ယောက်ကျပြီး ၃၀ ကျော် ဒဏ်ရာရတယ်လို့ ဆိုပါတယ်။
ငြိမ်းချမ်းရေး ဆုတောင်းပွဲကို လာသူတယောက်က တိုင်းပြည်အတွက် အားထားရတဲ့ လူတွေဟာ တိုက်ပွဲတွေမှာ ဆုံးရှုံးနေရတာဟာ ၀မ်းနည်းစရာ ဖြစ်တယ်။
စစ်သားတွေသာမက ကလေးငယ်တွေနဲ့ အရပ်သားတွေလည်း သေဆုံးနေတာ ထိခိုက် နာကျင်စရာ ကောင်းတယ်လို့ ပြောပါတယ်။
လူဟန်ဒေသခံတွေကလည်း ယူကရိန်းအလံကို လွှင့်ထူရင်း ဒီလို ငြိမ်းချမ်းရေး ဆုတောင်းပွဲတွေကို သူတို့ဒေသမှာ ပြုလုပ်ကြပါတယ်။ ပဋိပက္ခအတွင်းမှာ လူပေါင်း ၄၈၀၀ သေဆုံးခဲ့ပြီ ဖြစ်ပါတယ်။
[gallery ids="77628,77629,77630,77631"]