A d v e r t i s e m e n t With Us

သက်ကြီးရွယ်အို ရာဇီဒီဘာသာဝင် ၃၅၀ ကို အိုင်အက်စ်အကြမ်းဖက်များ ပြန်လွှတ်

အီရတ်နိုင်ငံမြောက်ပိုင်းမှာ လနဲ့ ချီပြီး ဖမ်းဆီးခံခဲ့ကြရတဲ့ သက်ကြီးရွယ်အို ရာဇီဒီဘာသာဝင်တွေကို အိုင်အက်စ်အကြမ်းဖက်တွေက ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၇ ရက်နေ့ ပြန်လွှတ်ပေးခဲ့ပါတယ်။ သူတို့ကို ဘာကြောင့် ပြန်လွှတ်ပေးလိုက်တယ်ဆိုတာကိုတော့ အသေအချာမသိရသေးပါဘူး။ အစကတော့ အယောက် ၃၅၀ လို့ ဆိုပေမယ့် နောက်ပိုင်းမှာတော့ အယောက် ၂၀၀ လောက် ဖြစ်တယ်လို့ သတင်းတွေက ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်က ရာဇီဒီဘာသာဝင်လူနည်းစုဒေသတွေကို အိုင်အက်စ်အကြမ်းဖက်တွေ သိမ်းပိုက်ခဲ့ကြပြီး ထောင်နဲ့ချီတဲ့ ရာဇီဒီတွေ အိုင်အက်စ်အကြမ်းဖက်တွေရဲ့ သတ်ဖြတ် ဖမ်းဆီးခံခဲ့ကြရပါတယ်။ အခု ပြန်လွှတ်လာတဲ့သူတွေဟာ အသက်အရွယ် ၇၀ ကျော်၊ နာမကျန်းသူတွေ၊ ဒုက္ခိတတွေ၊ စိတ်ဝေဒနာရှင်တွေနဲ့ ဖျားနာသူ ကလေးငယ်တွေလည်း ပါဝင်တယ်လို့ ရာဇီဒီအခွင့်အရေးလှုပ်ရှားသူတဦးက ပြောဆိုပါတယ်။ ပြန်လွတ်လာတဲ့ သက်ကြီးရွယ်အိုတဦးကလည်း သူတို့တွေကို ဘတ်စ်ကားပေါ် တက်ခိုင်းတော့ သူတို့ကို ကွပ်မျက်တော့မယ်လို့ ထင်ပြီး စိုးရိမ်ကြောက်ရွံ့ခဲ့ရတယ်လို့ ပြောဆိုပါတယ်။ နောက်တော့ သူတို့ကို အိုင်အက်ထိန်းချုပ်နယ်မြေ ဟာဝီဂျာမြို့နဲ့ ကာဒ့်တပ်ဖွဲ့ထိန်းချုပ်တဲ့ ကာကွက်မြို့ကြား နယ်စပ်မှာ လာချပေးခဲ့တာလို့ ပြောဆိုပါတယ်။ သူတို့တွေ မိုဆူးလ်မြို့မှာ ၆ လကြာ ထိန်းသိမ်းခံရပြီး ပြန်လွတ်လာတာလို့လည်း ပြောဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက ရာဇီဒီလူမျိုးတွေရဲ့ ဒေသဖြစ်တဲ့ ဆင်ဂျာတောင်တန်းဒေသကို ကာဒ့်တပ်ဖွဲ့တွေ ထိုးဖောက်နိုင်ခဲ့ပြီး ထောင်နဲ့ ချီပြီး ပိတ်မိနေကြတဲ့ ရာဇီဒီတွေကို လမ်းဖွင့်ပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ရာဇီဒီကျေးရွာအများအပြား အိုင်အက်စ်တွေရဲ့ လက်အောက်ကျရောက်နေဆဲ ဖြစ်ပြီး ရာဇီဒီမိန်းကလေးတွေဟာလည်း အတင်းအကျပ်လက်ထပ်ခံရ၊ ရောင်းစားခံ နေကြရပါတယ်။ [gallery ids="77618,77617,77616,77615"]  

A d v e r t i s e m e n t With Us

More News
Up