အင်ဒိုနီးရှားတွင် မူးယစ်မှုဖြင့် ဘရာဇီးနိုင်ငံသားကို ကွပ်မျက်

2.6K
အင်ဒိုနီးရှားနိုင်ငံမှာ မူးယစ်ဆေးဝါးမှောင်ခိုမှုနဲ့ သေဒဏ်ချခဲ့ရတဲ့ ဘရာဇီးနိုင်ငံသားကို ဒီနေ့ ကွပ်မျက်လိုက်ပါတယ်။
အခုလို သေဒဏ်ပေးလိုက်တဲ့အပေါ် ဘရာဇီးပြည်သူတွေ စိတ်ဆိုးဒေါသထွက်နေကြတယ်လို့ ဘရာဇီးသမ္မတက ပြောဆိုပါတယ်။
အသက် ၅၃ နှစ်အရွယ် Marco Moreira ဟာ ၂၀၀၃ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံထဲ ကိုကင်း ၁၃.၄ ကီလို ခိုးသွင်းမှုနဲ့ ဂျကာတာလေဆိပ်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။
သူဟာ နိုင်ငံခြားမှာ သေဒဏ်စီရင်ခံရတဲ့ ပထမဆုံး ဘရာဇီးနိုင်ငံသားဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်မယ်လို့ ဘရာဇီးနိုင်ငံက သတိပေးထားပါတယ်။
သူနဲ့အတူ အခြား ၅ ဦး ကွပ်မျက်ခံရပြီး အင်ဒိုနီးရှား၊ မာလ၀ီ၊ နိုင်ဂျီးရီးယား၊ ဗီယက်နမ်နဲ့ နယ်သာလန်နိုင်ငံသားတွေလည်း ပါဝင်ပါတယ်။
သူတို့တွေကို အလယ်ဂျာဗားပြည်နယ်မှာ ညသန်းခေါင်ကျော်ကျော်က သေနတ်နဲ့ပစ်သတ် ကွပ်မျက်ခဲ့ကြတာလည်းဖြစ်ပါတယ်။
“အခုလို ကွပ်မျက်ခဲ့တာအပေါ် အမျက်ထွက်ရပြီး တုန်လှုပ်ချောက်ချားခဲ့တယ်" လို့ ဘရာဇီးသမ္မတက ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်ပြီး အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ ဘရာဇီးသံအမတ်ကိုလည်း ပြန်ခေါ်ခဲ့ပါတယ်။
ကွပ်မျက်မယ့်အပေါ် ဘရာဇီးအစိုးရနဲ့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့တို့က ဇန်န၀ါရီ ၁၆ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံကို အသနားခံခဲ့ပါသေးတယ်။
သူတို့ကို ကွပ်မျက်မယ့် စီရင်ချက်ကို အင်ဒိုနီးရှား ရှေ့နေချုပ်က ဇန်န၀ါရီ ၁၄ ရက်နေ့က ကြေညာခဲ့ပြီး သမ္မတ ဂျိုကိုဝီဒိုဒို လက်ထက်မှာ ပထမဆုံး သေဒဏ်ပေးမှု ဖြစ်ပါတယ်။
လက်ရှိသမ္မတ ၀ီဒိုဒိုဟာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေးနဲ့ ရေပိုင်နက် ကာကွယ်ရေး ကိစ္စတွေကို ပြတ်ပြတ်သားသားကိုင်တွယ်သူဖြစ်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ မူးယစ်ဆေးဝါးအတင်းကျပ်ဆုံး နိုင်ငံတနိုင်ငံဖြစ်ပါတယ်။ သေဒဏ်ကို ၄ နှစ်ကြာ ဆိုင်းငံ့ခဲ့ပြီး ၂၀၁၃ ခုနှစ်က ပြန်လည်ပြဋ္ဌာန်းခဲ့တာလည်းဖြစ်ပါတယ်။