အကြမ်းဖက်ဒဏ်ခံ အရှေ့အလယ်ပိုင်းကို ကန်ဒေါ်လာ ၂.၅ ဘီလီယံ ဂျပန်ကူညီမည်

အကြမ်းဖက်ဒဏ်ခံ အရှေ့အလယ်ပိုင်းနိုင်ငံတွေအတွက် လူသားချင်းစာနာမှု အကူအညီ အမေရိကန်ဒေါ်လာ ၂.၅ ဘီလီယံ ကူညီထောက်ပံ့မယ်လို့ ဂျပန်ဝန်ကြီးချုပ်က ကတိပြုလိုက်ပါတယ်။
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးရဲ့ အရှေ့အလယ်ပိုင်း ၆ ရက်ကြာ ခရီးစဉ်အတွင်း ဇန်န၀ါရီ ၁၇ ရက်နေ့က အခုလို ကတိပြုပြောကြားလိုက်တာဖြစ်ပြီး အရှေ့အလယ်ပိုင်း အီဂျစ်နိုင်ငံကို ပထမဆုံး ဆိုက်ရောက်လာတာပါ။
အကြမ်းဖက်ဝါဒ တကမ္ဘာလုံးကို ပြန့်ပွားသွားမယ်ဆိုရင် ဂျပန်နိုင်ငံအပါအ၀င် ကမ္ဘာ့နိုင်ငံတွေအားလုံး နှိုင်းဆလို့မရတဲ့ ဆုံးရှုံးနစ်နာမှုတွေ ဖြစ်လာမယ်လို့ ဆိုပါတယ်။
ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ စည်ပင်ဖွံ့ဖြိုးရေးအတွက် အရှေ့အလယ်ပိုင်းတည်ငြိမ်ရေးဟာ အခြေခံဖြစ်တာကြောင့် အကြမ်းဖက်မှုကို တွန်းလှန်တိုက်ခိုက်နေတဲ့ နိုင်ငံတွေကို အခုလို စစ်ရေးမဟုတ်တဲ့ အထောက်အပံ့ ကူညီမယ်လို့ ၀န်ကြီးချုပ်က ကတိပြုခဲ့တာပါ။
စစ်ဘေးဒုက္ခသည်တွေကို လက်ခံကူညီထားတဲ့နိုင်ငံတွေကိုလည်း အခြေခံအဆောက်အဦးတွေနဲ့ လူသားချင်းအကူအညီတွေ ဆက်လက်ထောက်ပံ့မယ်လို့လည်း ပြောဆိုပါတယ်။
ခရီးစဉ်အတွင်း အီဂျစ်သမ္မတ အယ်ဇီဇီနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဂျပန်နိုင်ငံရဲ ရေနံစိမ်းကို အရှေ့အလယ်ပိုင်းနိုင်ငံတွေက အဓိကတင်သွင်းတာပါ။
အစ္စလာမ္မစ်နိုင်ငံတော်အမည်ခံ (အိုင်အက်စ်) အကြမ်းဖက်တွေဟာ ဆီးရီးယားနဲ့ အီရတ်နိုင်ငံတွေက ရေနံမြေအမြောက်အမြားကို သိမ်းပိုက်ထိန်းချုပ်ထားပြီး တရက်ကို အမေရိကန်ဒေါ်လာ ၂ သန်းဝင်ငွေ ရှိတယ်လို့ တွက်ချက်ကြပါတယ်။
ဝန်ကြီးချုပ်ရဲ့ အရှေ့အလယ်ပိုင်းခရီးစဉ်အတွင်း အီဂျစ်၊ ဂျော်ဒန်၊ လက်ဘနွန်၊ အစ္စရေး နဲ့ ပါလက်စတိုင်းဒေသတွေကို သွားရောက်မှာဖြစ်ပါတယ်။ ဂျပန်ဝန်ကြီးချုပ်ဟာ ဇန်န၀ါရီ ၁၇ ရက်နေ့ ညနေပိုင်းမှာတော့ ဂျော်ဒန်နိုင်ငံ၊ အာမန်မြို့တော်ကို ရောက်ရှိခဲ့ပါတယ်။