မာလ၀ီနိုင်ငံတွင် ရေလွှမ်းမိုးမှုကြောင့် သေဆုံးသူ ၂၀၀ ခန့်ရှိပြီ

1K
အာဖရိကအရှေ့တောင်ပိုင်းက မာလ၀ီနိုင်ငံမှာ ရက်သတ္တပတ်ကြာ မိုးအသည်းအသန်ရွာသွန်းနေပြီး ရေလွှမ်းမိုးမှုတွေကြောင့် ဒီနေ့အထိ လူ ၂၀၀ လောက် သေဆုံးခဲ့ပါတယ်။
မာလ၀ီသမ္မတက ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၆ ရက်နေ့မှာ ကြေညာခဲ့တဲ့ သေဆုံးသူ ၁၇၆ ဦးကနေ မြင့်တက်လာတာဖြစ်ပြီး ပျောက်ဆုံးနေသူတွေလည်း ရှိတယ်လို့ ဒေသခံအာဏာပိုင်တွေက ဆိုပါတယ်။
ကူညီကယ်ဆယ်ရေး အေဂျင်စီတွေမှာ ရေဘေးဒုက္ခသည်တွေ ထောင်နဲ့ချီ လာရောက်ခိုလှုံနေကြပြီး နောက်ထပ်ရောက်လာဖို့လည်း ရှိတယ်လို့ မာလ၀ီကြက်ခြေနီအာဏာပိုင်တဦးက ပြောဆိုပါတယ်။
လူဦးရေ ၁၆ သန်းရှိတဲ့ မာလ၀ီနိုင်ငံဟာ အာဖရိကကုန်းတွင်းပိတ်နိုင်ငံဖြစ်ပြီး ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတနိုင်ငံဖြစ်ပါတယ်။ ရေလွှမ်းမိုးမှုတွေကြောင့် နိုင်ငံတ၀က်ကို ဘေးအန္တရာယ်ဇုန်အဖြစ် သတ်မှတ်ထားပါတယ်။
နောက်ထပ် ၂ ပတ်၊ ၃ ပတ်လောက် မိုးဆက်လက်ရွာသွန်းမယ်လို့ မိုးလေ၀သဌာနက ခန့်မှန်းထားပါတယ်။
အိမ်နီးချင်း မိုဇင်ဘစ်နိုင်ငံမှာလည်း ရေလွှမ်းမိုးမှုတွေ ဖြစ်ပွားနေပြီး တောင်အာဖရိကစစ်တပ်က ပျောက်ဆုံးနေသူတွေကို ကူညီရှာဖွေပေးနေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ - ရိုက်တာ
[gallery ids="77540,77541,77542,77543,77544,77545,77546"]