Home
မြန်မာသတင်း
ဒေသတွင်းသတင်းများကို ဦးစားပေးမည့် မန္တလေးအလင်းသတင်းစာ ထွက်ပြီ
ရွှေအောင်
·
January 17, 2015
ဒေသတွင်း သတင်းတွေကို ဦးစားပေးဖော်ပြမယ့် မန္တလေးအလင်း အမည်ရှိ ပုဂ္ဂလိကသတင်းစာတစောင် ဒီနေ့ စတင်ထုတ်ဝေဖြန့်ချိလိုက်ပါတယ်။ 1723398_438291852985550_1033369039048723113_n copyရန်ကုန်အခြေပြုထုတ်ဝေနေတဲ့ မက်ဆင်ဂျာသတင်းစာအုပ်စုက မန္တလေးအလင်းသတင်းစာကို ထုတ်လုပ်မှာဖြစ်ပြီး ပိုင်ရှင် ဦးဇော်မင်းအေးဟာ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးရဲ့သား ဖြစ်ပါတယ်။ မန္တလေးအခြေပြုထုတ်ဝေမှာဖြစ်လို့ မန္တလေးသတင်းတွေကို ဦးစားပေးဖော်ပြမှာဖြစ်သလို မန္တလေးနဲ့ အထက်မြန်မာပြည်ဘက် အဓိကထား ဖြန့်ချိသွားမယ်လို့ သတင်းစာအယ်ဒီတာချုပ် ဦးသူရအောင်က ပြောပါတယ်။ “ရန်ကုန်ကထုတ်တဲ့ သတင်းစာဂျာနယ်တွေကျတော့ ရန်ကုန်သတင်း ဦးစားပေးထုတ်ကြတာလေ။ မန္တလေးသတင်းကျတော့ အိမ်ဖြည့်အနေနဲ့ စာမျက်နှာအခြေအနေအရ နည်းတယ်ပေါ့နော်။ ဒီမှာကျတော့ ကျနော်တို့ မန္တလေးသတင်းကို ဦးစားပေးမယ်။ မန္တလေးသတင်းများမယ်၊ ရန်ကုန်သတင်းတို့၊ တခြား ဒေသတင်းတို့ကျ ဖော်ပြသင့် ဖော်ပြထိုက်တာ ဖော်ပြပါ့မယ်။” မန္တလေးအလင်းနေ့စဉ်ထုတ်သတင်းစာကို လတ်တလော စာမျက်နှာ ၂၀၊ ရောင်းဈေး ကျပ် ၁၀၀ နဲ့ ထုတ်ဝေဖြန့်ချိရောင်းချနေပြီ ဖြစ်ပါတယ်။ မန္တလေးမြို့ခံ စာရေးဆရာ သတင်းစာဆရာ ကျော်ရင်မြင့်ကတော့ မန္တလးမြို့မှာ လူထုသတင်းစာနောက်ပိုင်း ပထမဆုံးထွက်ရှိလာတဲ့ ပုဂ္ဂလိကသတင်းစာဖြစ်တဲ့အတွက် ကြိုဆိုတယ်လို့ ပြောပါတယ်။ “မန္တလေးမှာ ၁၉၆၇ ခု၊ ဇူလိုင်လ ၇ ရက်နေ့မှာ လူထုသတင်းစာရပ်စဲခံရပြီးတဲ့နောက်ပိုင်းမှာ ပုဂ္ဂလိက သတင်းစာ မရှိဘူးပေါ့။ ဒီနေ့ မန္တလေးအလင်းထွက်လာတာ မန္တလေးမြို့က ကြိုဆိုတယ်။ တချိန်က မန္တလေးအခြေစိုက် အစိုးရသတင်းစာ ဟံသာဝတီထွက်ခဲ့ဖူးတယ်။ အဲ့ဒီသတင်းစာတုန်းကလည်း မန္တလေးက တခဲနက် အားပေးတယ်။ ဟံသာဝတီ ဦးဝင်းတင်ရဲ့ အရည်အချင်းကြောင့် သတင်းစာအရည်အသွေးကလည်း ကောင်းခဲ့တယ်။ ဟံသာဝတီသတင်းစာကနေ ရွက်ပုန်းသီး သတင်းစာဆရာ၊ စာရေးဆရာ၊ ကာတွန်းဆရာတွေ ပေါ်ထွက်ခဲ့တယ်။ အခု မန္တလေးအခြေစိုက်သတင်းစာထုတ်လာလို့ရှိရင် အဲ့ဒီတုန်းကလို တကျော့ပြန်ပေါ်လာလိမ့်ဦးမယ်လို့ ကျနော် မျှော်လင့်ပါတယ်။” မန္တလေးမှာ လက်ရှိ စစ်တပ်ပိုင် ရတနာပုံသတင်းစာနဲ့ စည်ပင်သာယာပိုင် မန္တလေးသတင်းစာတို့ အခြေစိုက်ထုတ်ဝေနေကြပါတယ်။ ရန်ကုန်အခြေစိုက်ထုတ်ဝေနေကြတဲ့ ပုဂ္ဂလိက သတင်းစာတချို့ အရှုံးပေါ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတုန်း အခုလို မန္တလေးအခြေစိုက် ပုဂ္ဂလိကသတင်းစာတစောင် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024