အမေရိကန်တွင် လိင်တူချင်းလက်ထပ်ခွင့်ကိစ္စ ဧပြီလ ကြားနာမည်

1.3K
အမေရိကန်ပြည်နယ်တွေအားလုံးမှာ လိင်တူချင်းလက်ထပ်ခွင့်ကို တရားဝင်ခွင့်ပြုသင့်၊ မသင့် ဒီနှစ်ထဲမှာ ကြားနာမယ်လို့ အမေရိကန်ဗဟိုတရားရုံးက မနေ့က ဆုံးဖြတ်လိုက်ပါတယ်။
ဒီကြားနာမှုဟာ အမေရိကန်နိုင်ငံတ၀န်း လိင်တူချင်းလက်ထပ်ခွင့်ကို လုံးဝ တရားဝင်ခွင့်ပြုပေးလိုက်တာလည်း ဖြစ်ချင်ဖြစ်လာနိုင်ပါတယ်။
အမေရိကန်ပြည်နယ်တွေဟာ လိင်တူချင်းလက်ထပ်ခွင့်ကို ပိတ်ပင်တဲ့ ဥပဒေတွေကို အမေရိကန်ဗဟိုတရားရုံးက အရင်က ပယ်ချခဲ့ဖူးတာရှိပါတယ်။
အဲ့လို ပယ်ချခဲ့ပြီးနောက်ပိုင်း ပြည်နယ်အဆင့်တရားရုံးတွေက လိင်တူချင်းလက်ထပ်ခွင့်ကို ပိတ်ပင်ထားတဲ့ဥပဒေတွေကို ဖယ်ရှားခဲ့တာလည်း ရှိခဲ့ပါတယ်။
အမေရိကန်ပြည်နယ် ၅၀ မှာ ၃၆ ပြည်နယ်က လိင်တူလက်ထပ်ခွင့် တရားဝင်ခွင့်ပြုထားပြီး ၁၄ ပြည်နယ်ကတော့ ပိတ်ပင်ထားဆဲဖြစ်ပါတယ်။
၂ နာရီခွဲကြာမြင့်မယ့် ဒီကြားနာပွဲကို ဧပြီလအတွင်း ပြုလုပ်မှာဖြစ်ပြီး လိင်တူချင်းလက်ထက်ခွင့်နဲ့ ပတ်သက်ပြီး အချက် ၂ ချက်ကို ဆုံးဖြတ်မှာဖြစ်ပါတယ်။
အမေရိကန်ပြည်နယ်တွေ အားလုံးမှာ လိင်တူချင်းလက်ထပ်တာကို တရားဝင်ခွင့်ပြုပေးမလားဆိုတာနဲ့ အမေရိကန်နိုင်ငံပြင်ပမှာ လိင်တူချင်းလက်ထပ်လာသူတွေကို အမေရိကန်ပြည်နယ်တွေက တရားဝင် အသိအမှတ်ပြုမလားဆိုတာပဲဖြစ်ပါတယ်။ ဗဟိုတရားရုံးရဲ့ ဆုံးဖြတ်ချက်တွေကို လာမယ့် ဇွန်လကုန်မှာ ထုတ်ပြန်ပေးမယ်လို့ မျှော်လင့်ရပါတယ်။