Home
မေးမြန်းခန်း
ဥပဒေနဲ့အညီမလုပ်လို့ အခု မြေယာပြဿ နာဖြစ်တာ- ရှေ့နေ ဦးမြင့်သွင်
အေးနိုင်
·
January 17, 2015
နိုင်ငံရေးအမှုတွေနဲ့ တောင်သူလယ်သမားတွေဘက်က မြေယာအမှုတွေကို လိုက်ပါဆောင်ရွက်တဲ့ တရားလွှတ်တော်ရှေ့နေ ဦးမြင့်သွင်ကို သက်ဆိုင်ရာက ရှေ့နေအဖြစ် ပြန်လည်ဆောင်ရွက်ခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။ သူ့ကို ၃ နှစ်ပိတ်ပင်ထားမြစ်ထားစဉ်ကာလမှာလည်း သူဟာ လယ်ယာမြေပြဿ နာတွေကို တပည့်ရှေ့နေတွေနဲ့အတူ လိုက်ပါကူညီခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ကျယ့်ပြန့်နက်ရှိုင်းတဲ့ လယ်ယာမြေပြဿ နာတွေနဲ့ပတ်သက်လို့ တရားဥပဒေပိုင်း၊ စီမံခန့်ခွဲမှုပိုင်းတွေနဲ့ ဖြေရှင်းနိုင်မယ့်အခြေအနေတွေအပေါ် ဦးမြင့်သွင်ကို မေးမြန်းထားပါတယ်။ ဦးမြင့်သွင် ရှေ့နေလိုက်ခွင့်လိုင်စင် ပြန်ရပြီလို့ ကြားသိပါတယ်။ ဘယ်တုန်းက ပြန်ရတာပါလဲခင်ဗျ။ “သုံးနှစ် (ရှေ့နေမလိုက်ရန်ပိတ်ပင်သည့်နှစ်) ပြည့်လို့ ပြန်ရပါပြီ။ သုံးနှစ်ပြည့်တာက ဒီဇင်ဘာ ၁၂ ရက်နေ့ သုံးနှစ်ပြည့်တာ။ ဒီဇင်ဘာ ၂၄ ရက်နေ့ စာနဲ့ ကျနော့်ဆီကို ဇန်န၀ါရီလ ၄ ရက်နေ့က ပြန်ရောက်ပါတယ်။ ၃ နှစ်ပြည့်လို့ ပြန်လိုက်ခွင့်ရတာပါ။” ပိတ်ပင်ခံခဲ့ရတဲ့ နောက်ကြောင်းကို အကျဉ်းချုပ်ပြောပြပါလား။ [caption id="attachment_77431" align="alignright" width="326"]u-myint-twin-326x231 ရှေ့နေ ဦးမြင့်သွင်[/caption] “အပိတ်ခံရတာ ကတော့ ကျနော်က တရားသူကြီးချုပ်နဲ့ ပတ်သက်တာကို တရားဥပဒေ စိုးမိုးရေး မှာ တရားသူကြီးတွေ ဆိုတာ ဥပဒေကို နှံ့စပ်ရ မယ်၊ အတွေ့အကြုံရှိမှ ဥပဒေနှံ့စပ်မှ တရားသူကြီးဖြစ် သင့်တယ်တို့၊ တရားစွဲအဖွဲ့ အစည်းတွေဖြစ်တဲ့ ရဲတွေ၊ ရှေ့နေတွေ၊ တရားသူကြီးတွေ၊ ဥပဒေအရာရှိတွေက ဥပဒေကို လက်တလုံးခြားမလုပ်သင့်ဘူးလို့ ရေဒီယိုမှာ ဗျူးလိုက်တယ်။ ဗျူးပြီး တပတ်လောက်နေတော့ ကျနော့်ကို လိုင်စင် ၃ နှစ်နားတယ်ဆိုပြီးတော့ နားတယ်။ သုံးနှစ်အနားခံရတဲ့ အမှုကိစ္စက ဒီလိုင်စင်အနားမခံရခင်၊ ရေဒီယိုမှာ မဗျူးခင် လွန်ခဲ့တဲ့ ရှစ်လလောက်က ပြီးခဲ့တဲ့ အင်ကွာရီတခုရှိတယ်။ အဲဒါက မကွေးက အမှုတခုမှာ ကျနော့်ဆီကို အယူခံတခုလာအပ်တယ်။ အယူခံက အမှုသည်က သိန်း ၁၃၀ ယူထားပြီး သိန်း ၃၀၀ကို လက်မှတ်ထိုးတော့ ရှုံးထားတဲ့အမှု၊ ကျနော်က အတိုးတွေကို ပေါ်လို့ရှိရင် သက်သာအောင်လုပ်ပေးမယ်ဆိုပြီး အယူခံကို တင်ပေးတာ။ အယူခံတင်ပေးတဲ့အပေါ်မှာပဲ ရုံးချုပ်က ရုံးအပြောင်းအလဲတွေ လုပ်နေတုန်း လျှောက်လဲချက်ပေးရမယ့်နေ့မှာ ၁ နာရီလောက်နောက်ကျသွားတယ်။ နောက်ကျသွားတဲ့ဟာကို ကျနော်က ကျမ်းကျိန်ပြီးတော့ ပြန်ပြီး လျှောက်လဲချက်ပေးပါတယ်။ ပေးပေမယ့် အမှုသည်ကတော့ ရှုံးမြဲဆက်ရှုံးတော့ ကျနော်ရုံးနောက်ကျလို့ သူတို့ရှုံးတာပါဆိုပြီး တိုင်စာပို့ထားတယ်။ အဲဒါကလည်း ကျနော်တို့ ဒီ နိုင်ငံရေးလှုပ်ရှားတဲ့အထဲမှာ ဒီကပုဂ္ဂိုလ်က အမှုသည်ရဲ့နောက်ကွယ်မှာက ပါတဲ့ပုဂ္ဂိုလ်တွေလည်း ရှိပါတယ်။ ဒါကတော့ ကျနော် မပြောလိုပါဘူး။ အဲဒါနဲ့ သူက တိုင်တော့ ကျနော့်ကို ရှေ့နေကျင့်ဝတ် ပျက်ကွက်တယ်ဆိုပြီး inquiry လုပ်တယ်။ တိုင်းတရားသူကြီးနဲ့ ခရိုင်တရားသူကြီးက မန္တလေးက။ ကျနော့်မှာ တာဝန်ကျေတယ်၊ အကုန်ပြည့်စုံအောင် လုပ်ထားတဲ့အတွက် အရေးမယူသင့်ဘူးလို့ မှတ်ချက်ပေးမယ်။ ဒါပေမယ့် အဲဒါက ရှစ်လလောက်ကြာပြီးပြီ၊ သိပြီးသွားပြီ ကျနော်က။ သိပြီးပေမယ့် တရားစီရင်ရေးနဲ့ တရားဥပဒေစိုးမိုးရေးမှာ ကျနော်က သုံးသပ်တာလေးကိုထည့်ပြီး ကျနော့်ကို ၃ နှစ် အနားခံလိုက်ရတာ။” ဘယ်သူက အနားပေးတာက ပေးတာလဲ။ “နားတာကတော့ တရားရုံးချုပ်ကနေပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ကျနော်တို့ ရှေ့နေချုပ်ရုံးကော၊ အစည်းအဝေးဆုံးဖြတ်ချက်အရဆိုပြီးတော့ စာထုတ်တာ။ ကျနော်တို့ ရှေ့နေတွေကို စာထုတ်ရင်တော့ တရားရုံးချုပ်ကပဲ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကပဲ စာထုတ်လေ့ရှိတယ်။ အခု ပြန်ရတာလည်း ပြည်ထောင်စုလွှတ်တော်တရားရုံးချုပ်ကပဲ ညွှန်ကြားရေးမှူးလက်မှတ်ထိုးပြီး အစည်းအဝေးဆုံးဖြတ်ချက်အရ ပြန်ပေးပါတယ်လို့၊ လိုက်ခွင့်ပြပါတယ်လို့ အကြောင်းကြားတယ်။” လိုင်စင်ပိတ်သိမ်းခံရစဉ်မှာ ဦးမြင့်သွင်တို့၊ တခြားရှေ့နေတွေလည်း လိုက်ပါကူညီနေတာ တွေ့ရပါတယ်။ ဆိုတော့ အခု လိုင်စင်ပြန်ရတော့ ဘယ်အမှုတွေကို ဦးစားပေးလိုက်ဖို့ရှိလဲ။ “ကျနော်က လိုင်စင်အနားမခံရခင်ကတည်းက အရင်က တောင်သူနဲ့နိုင်ငံရေးဆိုရင်တော့ အခမဲ့လိုက်ပေးတယ်။ အများအားဖြင့်တော့ တောင်သူအမIaတွလိုက်နေတုန်းများနေတဲ့ ကာလဖြစ်တယ်။ တချို့ကကျတော့ အမွေမှုတွေ၊ တရားမကြီးအမှုတွေ၊ မြေမှုတွေ လိုက်ပေးတာများတယ်။ တောင်သူအမှုတွေ လိုက်ပေးတဲ့နေရာမှာလည်း ကျနော့် junior တွေနဲ့စစ်ပေးရင်း လိုင်စင် ၃ နှစ်နားခံရတော့ ပိုပြီးအလုပ်လုပ်ပေးဖြစ်သွားပြီးတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစုံကို ဥပဒေသင်တန်းပို့ချတာတွေ၊ နောက် အမှုတွေကိုလက်ခံပြီးတော့ ကျနော့် junior တွေကို စစ်ခိုင်းတာတွေ ဆက်တိုက် အဆက်မပြတ် လုပ်နေပါတယ်။ အခုလည်း လိုင်စင်ပြန်ရတော့ အဲဒီအမှုတွေမှာ ၀င်ပြီးတော့ တောင်သူအမှုတွေမှာ စစ်ပေးဖို့တွေ၊ ကြီးကြပ်တာတွေ၊ ကိုယ်တိုင်တရားစွဲဖို့တွေ အကုန်လုပ်ပေးနေပါတယ်။” လိုင်စင်ပိတ်သိမ်းခံရတာကြောင့် ဘယ်လိုမျိုးနစ်နာမှုရှိလဲ။ “ကျနော်ကတော့ သူတို့က ကျနော်မှားတယ်ဆိုပြီးတော့ ဘယ်လိုပဲလုပ်လုပ် နစ်နာတာကတော့ နိုင်ငံသားတွေနဲ့ ဥပဒေအရ အကာအကွယ်ရမယ့်သူတွေ၊ ကျနော် ထဲထဲဝင်ဝင်လုပ်ပေးချင်တာ လုပ်ခွင့်မရလို့ ဥပဒေအကာအကွယ်ရဖို့ လူတွေနစ်နာတာပဲရှိတယ်။ ကျနော့်အနေနဲ့ကတော့ ကြိုးစားပေးနေမှာပဲ။ ဘယ်လိုလမ်းကြောင်းပဲရောက်ရောက်။ အခု ၃ နှစ်အတွင်း ပိုတောင်မှ လုပ်ပေးဖြစ်သေးတယ် တောင်သူတွေ ပြည်သူတွေအတွက် ဥပဒေအမြင်ပွင့်အောင် ပိုပြီးတောင် လုပ်နိုင်တာတွေ့တယ်။ နစ်နာတာကတော့ တရားခွင်မှာ စစ်ခွင့်မရတော့ ဥပဒေအရ အကာအကွယ်ပေးချင်တဲ့အခါမှာ ကန့်သတ်ချက်အရ နိုင်ငံသားတွေ၊ တောင်သူတွေ ကျနော်လုပ်ပေးချင်တဲ့လူတွေအပေါ်မှာ နစ်နာသွားတာတော့ ရှိနိုင်တယ်။” သမ္မတဦးသိန်းစိန်လက်ထက်မှာ သိမ်းဆည်းလယ်ယာပြန်ပေးရေးလုပ်တယ်။ သက်တမ်းတော့ ကုန်တော့မယ်၊ လယ်ယာမြေပြဿ နာ အမြောက်အမြားရှိနေတုန်းပဲ။ ဒီလိုဖြစ်နေတာက ဘယ်လိုအကြောင်းရင်းခံတွေကြောင့်ပါလဲ။ “ကျနော်က ဥပဒေသမားဆိုတော့ ဥပဒေအမြင်နဲ့ ပြောရရင် အခုအစိုးရမှ မဟုတ်ဘူး။ မဆလ (မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ) လက်ထက်ကရော။ န၀တ (နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးကောင်စီ) လက်ထက်ရော၊ နအဖ (နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ) လက်ထက်ရော အစိုးရနဲ့ ဌာနဆိုင်ရာ အားလုံးက ဥပဒေကို မဖတ်ဘူး၊ မမှတ်ဘူး။ ဥပဒေနဲ့အညီမလုပ်လို့ အခု မြေယာပြဿ နာဖြစ်တာ။ မြေယာပြသနာဖြေရှင်းဖို့က နံပါတ် (၁) အစိုးရဌာနနဲ့ အစိုးရနဲ့ ဌာနဆိုင်ရာအားလုံးက ဥပမာ- ၁၈၉၄ မြေသိမ်းအက်ဥပဒေကို လိုက်နာရမယ်၊ ၂၀၁၂ မတိုင်ခင်က ၁၉၅၃ လယ်ယာမြေနိုင်ငံပိုင်သိမ်းတဲ့ဥပဒေကို လိုက်နာရမယ်။ ၂၀၁၂ နောက်ပိုင်း မြေလွတ်၊ မြေလပ်၊ မြေရိုင်း စီမံခန့်ခွဲမှု ဥပဒေတွေအရ ၂၂ (ဂ) အရ ဆိုရင် စီမံကိန်းအကောင်အထည်မဖော်တာတွေကို နိုင်ငံတော်က အလိုအလျောက်သိမ်းပြီးဖြစ်တယ်ဆိုတာတွေကို သိမ်းရမယ့်ကိစ္စ မသိမ်းတာတွေ၊ လယ်ယာမြေဥပဒေပုဒ်မ ၃၂ အရ တောင်သူတွေရဲ့မြေတွေကို သိမ်းပြီးတော့ စီမံကိန်းအရ အကောင်အထည်မဖော်ရင် ယခင်စိုက်တဲ့ပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းကို ပြန်စိုက်ခွင့်ပေးမယ်လို့ ဥပဒေမှာ ပြဋ္ဌာန်းထားလျက်သားနဲ့ ပြန်စိုက်ခွင့်မပေးတာတွေဟာ ဥပဒေနဲ့ မညီညွတ်တာတွေဖြစ်တယ်။ ဒါကြောင့်မို့လို့ ဥပဒေနဲ့အညီလုပ်ရင်တော့ ပြဿ နာ ဘာမှ မရှိတာပါ။ နံပါတ် (၂) တောင်သူတွေ မြေယာမှုခင်းတွေမှာ တချို့ ဥပဒေနဲ့ ဆုံးဖြတ်လို့မရဘူး၊ မူဝါဒတွေ ပေါ်လစီတွေနဲ့ဆုံးဖြတ်ရတဲ့ကိစ္စရှိတယ်။ တောင်သူတွေ မြေသိမ်းခံရတဲ့နေရာမှာ ဥပဒေနဲ့ မညီညွတ်ဘဲနဲ့ မြေသိမ်းခံထားရတဲ့ကိစ္စတွေရှိတယ်။ ကျနော်ရှင်းပြရင် အရှည်ကြီးဖြစ်နေမှာစိုးလို့။ "နံပါတ် (၃) က တောင်သူတွေကို ဥပဒေနဲ့အညီ မြေသိမ်းတာမဟုတ်ရင် တောင်သူတွေ၊ နိုင်ငံသားတွေကလည်း အစိုးရဖြစ်ဖြစ်၊ စစ်တပ်ဖြစ်ဖြစ်၊ ကုမ္ပဏီဖြစ်ဖြစ် လျော်ကြေး၊ နစ်နာကြေးကို တရားပြန်စွဲတောင်းဖို့ ဥပဒေရှိတယ်။ တရားပြန်စွဲလို့ရတယ်။ နံပါတ် (၄) က ကျနော်တို့နိုင်ငံသားတွေ၊ တောင်သူလယ်သမားတွေ၊ တိုင်းရင်းသားတွေအားလုံးကလည်း မြေနဲ့ပတ်သက်တဲ့အထောက်အထားတွေကိုတော့ ခိုင်မာအောင်လုပ်ထားဖို့လိုတယ်။ အဲဒါကလည်း အစိုးရနဲ့ ဌာနဆိုင်ရာအားလုံးက တောင်သူတွေကို ခိုင်မာအောင်လုပ်ပေးဖို့ ပညာပေးတာ၊ ဆော်သြတာ၊ ဖြန့်ဝေတာ၊ မြေလိုက်တိုင်းပြီးတော့ မြေခွန်ဆောင်ခိုင်းတာ ဘာမှလုပ်လေ့မရှိတဲ့ မိရိုးဖလာစိုက်တဲ့တောင်သူနဲ့ ဓားမဦးချစိုက်တဲ့တောင်သူ၊ ရွှေ့ပြောင်းတောင်သူတွေက ကျနော်တို့တိုင်းပြည်မှာ ၇၀ ရာခိုင်နှုန်းလောက်ရှိတယ်။ သူတို့အတွက် အကာအကွယ်ဥပဒေတွေ ဒီနေ့အထိမရှိသေးဘူး။ ဒါတွေကို အစိုးရနဲ့ ဌာနဆိုင်ရာတွေက မူဝါဒတွေချမှတ်ဖို့၊ ဥပဒေတွေနဲ့ချမှတ်ပြီး အမြန်အကောင်အထည်ဖော်နိုင်မှ မြေယာပြသနာတွေကို ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။” လွှတ်တော်တွေမှ သိမ်းဆည်းလယ်ယာမြေတွေ ပြန်လည်ပေးအပ်ရေးနဲ့ပတ်သက်ပြီး ကော်မရှင်ကြီးတွေ ဖွဲ့စည်းဆောင်ရွက်တယ်၊ တချို့တ၀က်ပြန်ရပေမယ့် အမြောက်အမြား ကျန်နေဆဲဖြစ်တယ်။ ဒီနှစ်ဆန်းမှာ သမ္မတ သိမ်းဆည်းမြေယာပြန်ပေးရေးဆောင်ရွက်မယ်လို့ မိန့်ခွန်းပြောတယ်။ လက်တွေ့မှာဖြစ်နိုင်ပါ့မလား။ ကာကွယ်ရေးဝန်ကြီးဌာနက တချို့မြေတွေ ပြန်မပေးဘူးဆိုတာ ရှင်းထားလို့။ “နံပါတ် ၁ က တရားဥပဒေစိုးမိုးချင်ရင်၊ ဒီမိုကရေစီလမ်းကြောင်းသွားချင်ရင် သမ္မတရဲ့ပြောကြားချက်က ညွှန်ကြားချက်အမိန့်ဖြစ်တဲ့အတွက် သမ္မတရဲ့ ပြောကြားချက်တွေနဲ့အညီ၊ ဥပဒေနဲ့အညီလုပ်ပေးဖို့ ဌာနဆိုင်ရားအားလုံးမှာ တာဝန်ရှိတယ်။ ဥပမာ- ၇ ရက် ၃ လ ၂၀၁၄ နေ့က ဒု-သမ္မတ ဦးဉာဏ်ထွန်းက ဗဟို မြေအသုံးချမှ စီမံခန့်ခွဲမှုကော်မတီရဲ့ ဥက္ကဋ္ဌအနေနဲ့ ပြောတဲ့စကားမှာ အထောက်အထား ဘာမှမရှိတဲ့တောင်သူတွေကို ရပ်မိရပ်ဖ ထောက်ခံစာတွေနဲ့ ယာယီပြန်ပေးမယ်ဆိုတဲ့စကား၊ မြေလွတ်မြေရိုင်စီမံခန့်ခွဲမှုဥပဒေ ၅၂ အရ အထောက်အထားဘာမှမရှိတဲ့ တောင်သူတွေကို မနစ်နာအောင် လျော်ကြေးပေးမယ်ဆိုတဲ့ဥပဒေ၊ အဲလို ရှိပါလျက်နဲ့ တောင်သူတွေကို မိရိုးဖလာ၊ ဓားမဦးချစိုက်တာက ဥပဒေမှာ မရှိဘူး။ လျော်ကြေးမပေးနိုင်ဘူးဆိုတဲ့ မောင်းထုတ်တာတွေက တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေမှာ လုပ်နေကြတယ်။ နောက်တခု အထောက်အထားဘာမှမရှိရင် လျော်ကြေးမပေးဘူးဆိုတဲ့ ကိစ္စမျိုးတွေ အခု အစိုးရဌာနတွေက ပြောနေကြတယ်။ အဲဒီအတွက် ကျနော်တို့က အစိုးရနဲ့ ဌာနဆိုင်ရာ အားလုံးက ဥပဒေနဲ့အညီလုပ်ဖို့ လုပ်သလို သမ္မတတွေ၊ ဒုသမ္မတတွေက စီမံခန့်ခွဲညွှန်ကြားတာကို ဒီမိုကရေစီကျင့်စဉ်နဲ့အညီ၊ နောက်တခု ဥပဒေ၊ တရားဥပဒေနဲ့အညီ ကူညီပေးဖို့ အစိုးရဌာနနဲ့ အဖွဲ့အစည်းအားလုံးမှာ တာဝန်ရှိတယ်ခင်ဗျ။” ဦးသိန်းစိန်အစိုးရလက်ထက်မှာ မှတ်မှတ်သားသားဆိုရင် စာနယ်ဇင်းတွေ အထိုက်အလျောက်လွတ်လပ်စပြုတယ်။ စာနယ်ဇင်းသမားတွေကို ချုပ်ချယ်ကန့်သတ်ရင် ကမ္ဘာ့သတင်းဖြစ်ပြီးတော့၊ ဦးသိန်းစိန်လက်ထက်မှာပဲ လယ်သမားတွေ အမြောက်အမြား ရာနဲ့ချီပြီး ထောင်ကျတာတွေရှိတယ်။ ဒါနဲ့ပတ်သက်လို့ ကမ္ဘာမှာ သတင်းကျယ်ကျယ်ပြန့်ပြန့်မထွက်တာ ဘယ်သူတွေမှာ တာဝန်ရှိလဲ။ “အကုန်လုံးမှာ တာဝန်ရှိတယ်။ အစိုးရကော၊ တရားစီရင်ရေးကော၊ လွှတ်တော်ကော၊ မီဒီယာကော တာဝန်ရှိတယ်ခင်ဗျ။ ဘာကြောင့်လည်းဆိုတော့ နိုင်ငံသားအားလုံး၊ တိုင်းရင်းသားအားလုံး၊ တောင်သူလယ်သမားအားလုံး ဥပဒေအရ အကာအကွယ်ပေးဖို့ အစိုးရနဲ့ ဌာနဆိုင်ရာတွေ၊ တရားစီရင်ရေးကလည်း ဥပဒေနဲ့အညီ ဆုံးဖြတ်ဖို့၊ ကုမ္ပဏီတွေ၊ စစ်တပ်တွေ၊ လုပ်ငန်းရှင်တွေ စွဲတာနဲ့ တောင်သူတွေပေါ်မှာ ဥပဒေကို မျက်စိမှိတ်ပြီး ဖိနှိပ်တာ၊ ဥပဒေနားမလည်ဘူးဆိုပြီး ဖိနှိပ်တာမျိုးမလုပ်ဖို့၊ ဒီမိုကရေစီ ထူထောင်မယ်ဆိုရင်၊ တရားဥပဒေ စိုးမိုးချင်ရင် ဥပဒေနဲ့အညီလုပ်ဖို့နဲ့ ကိုယ်ချင်းစာတရား၊ ဆင်ခြင်တုံတရားနဲ့ နိုင်ငံသားတွေအပေါ်မှာ စောင့်ရှောက်တဲ့စိတ်ဓာတ်နဲ့လုပ်ဖို့ လိုတယ်ခင်ဗျ။ ဒါကြောင့်မို့လို့ အခု အစိုးရလက်ထက်မှာ ဥပဒေနဲ့အညီ လုပ်တဲ့နေရာမှာ အားလုံး အစိုးရကော၊ ဌာနဆိုင်ရာတွေကော။ ကုမ္ပဏီတွေကော၊ မီဒီယာတွေကော၊ တရားစီရင်ရေးတွေကော၊ လွှတ်တော်တွေကောတွေက ဥပဒေသိအောင်လုပ်ပြီးရင် ဥပဒေအကာအကွယ်ရအောင် စောင့်ရှောက်ပေးဖို့၊ နိုင်ငံသားတွေကိုကာကွယ်ပေးဖို့က အဓိကပဲ။” မြန်မာပြည်မှာ ကမ္ဘာ့ဆန်တင်ပို့မှုများတဲ့ ထိုင်းနဲ့ဗီယက်နမ်ကို အမီလိုက်ဖို့ တာဝန်ရှိသူတွေက မှန်ဆပြောဆိုကြပြီး ဆန်စပါးမူဝါဒ ပေါ်ထွန်းလာဖို့ စီစဉ်နေကြတယ်။ သိမ်းဆည်းမြေယာကိစ္စမပြလည်တဲ့ကိစ္စနဲ့ ဆန်စပါးမူဝါဒ အလားအလာ ဆက်နွှယ်မှုကို ပြောပြပါ။ “ဆက်နွှယ်တယ်ခင်ဗျ။ ကျနော်တို့မှာ လယ်ယာမြေဥပဒေ၊ မြေလွတ် မြေလပ်မြေရိုင်းဥပဒေ၊ တောင်သူလယ်သမားအခွင့်အရေးကာကွယ်စောင့်ရှောက်ြရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေတွေက မူဝါဒ မရှိဘဲနဲ့ ပြဋ္ဌာန်းထားတယ်၊ တောင်သူတွေရဲ့ဘ၀ကို အာမခံချက် အကာအကွယ်မရှိသေးဘူး။ အဲဒီအတွက် ကျနော်တို့က မြေအသုံးချမှု မူဝါဒထဲမှာတော့ အချို့ကောင်းတာတွေရေးထားပြီးပြီ၊ အဲဒီ မြေအသုံးချမှု မူဝါဒကို ကျနော်တို့က ဥပဒေပြဋ္ဌာန်းပြီးရင် ပီပီပြင်ပြင် လုပ်ပေးနိုင်ရင်တော့ အကာအကွယ်ရလာမှ ဒီကမ္ဘာ့၊ အာရှမှာ စပါးကျည်အဖြစ်နဲ့ တောင်သူတွေ လွတ်လွတ်လပ်လပ် အကာအကွယ်ရပြီးတော့ စိုက်ပျိုးခွင့်ရမှသာ တိုးတက်မှာဖြစ်ပါတယ်ခင်ဗျ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024