လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် အကန့်အသတ်ရှိဟု ပုပ်ရဟန်းမင်းကြီးပြော

1.2K
ပြင်သစ်နိုင်ငံ ပဲရစ်မြို့က ချာလီဟဘ်ဒိုး မဂ္ဂဇင်း တိုက်ခိုက်ခံရပြီးတဲ့နောက် ဖိလစ်ပိုင်နိုင်ငံကို ရောက်ရှိနေတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်က အကန့်အသတ်ရှိတယ်လို့ ပြောဆိုလိုက်ပါတယ်။
လွတ်လပ်စွာ ပြောဆိုခွင့်ဟာ အခြေခံ လူ့အခွင့်အရေးဖြစ်ပေမယ့် ဘာသာတရားတိုင်းမှာ ဂုဏ်သိက္ခာရှိတယ်လို့ ပြောတဲ့အကြောင်း ဂါးဒီးယန်းသတင်းမှာ ရေးပါတယ်။
ပဲရစ်တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီးမေးမြန်းရာမှာ တခြားသူတဦးရဲ့ ယုံကြည်မှုကို ပျက်ရယ်မပြုသင့် သလို ရန်မစ မစော်ကားသင့်ကြောင်း အကန့်အသတ်ရှိတဲ့အကြောင်း သူက ပြောပါတယ်။
လွတ်လပ်စွာပြောဆိုခွင့်ကလည်း အားလုံးကောင်းကျိုးကို ရှေးရှုတဲ့ အသိစိတ်နဲ့ လုပ်ဆောင်သင့် တယ်လို့ ပြောပါတယ်။
ပုပ်ရဟန်းမင်းကြီးဟာ ဖိလစ်ပိုင်က တိုင်ဖုန်းဟတ်ယိုင်ဒဏ်သင့်တဲ့သူတွေနဲ့လည်း တွေ့ဆုံသွားဖို့ ရှိနေပါတယ်။
ပုပ်ရဟန်းမင်းကြီးဟာ အာရှမှာ ကတ်သလစ် ဘာသာဝင် အများဆုံး ဖိလစ်ပိုင် နိုင်ငံ ၄ ရက်တာ ခရီးစဉ်အတွင်းမှာ ဆင်းရဲသားတွေ တရားမမျှတမှုရဲ့ သားကောင်တွေကိစ္စ အာရုံစိုက်သွားမယ်လို့ ဆိုပါတယ်။
မနီလာကို ရောက်ရှိတဲ့ အချိန်မှာတော့ တက်ကြွတဲ့ လူအုပ်က သူကို ကြိုဆို နှုတ်ဆက်ခဲ့သလို ပုပ်ရဟန်းမင်းကြီးတဦးရဲ့ နှစ် ၂၀ အတွင်း ပထမဆုံး ခရီးစဉ်လည်း ဖြစ်ပါတယ်။