အနောက်အာဖရိကတွင် အီဘိုလာကူးစက်မှုနှုန်း ကျဆင်းလာဟု ကုလပြော

1.7K
အနောက်အာဖရိကမှာ လူပေါင်း ၈၄၀၀ ကျော်လောက် သေဆုံးခဲ့ရတဲ့ အီဘိုလာရောဂါဟာ အခုအချိန်ကစပြီး ကူးစက်မှုနှုန်း အရှိန်ကျလာပြီလို့ အီဘိုလာရောဂါဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန်က ဇန်န၀ါရီ ၁၅ ရက်နေ့မှာ ထုတ်ဖော်ပြောကြားပါတယ်။
ကုလသမဂ္ဂက မျှော်လင့်ခဲ့တဲ့အတိုင်း ရောဂါအဆိုးဆုံးဖြစ်ပွားခဲ့တဲ့ နိုင်ငံ ၃ နိုင်ငံက ပြည်သူတွေက နေမှုထိုင်မှုပုံစံ ပြောင်းလဲမှုဟာ နေရာတကာမှ တွေ့မြင်နေရပြီလို့ ကုလကိုယ်စားလှယ် ဒေါက်တာ ဒေးဗစ် နာဘာရို (Dr David Nabarro) က ပြောဆိုပါတယ်။
ရောဂါပြုစုကုသခန်းတွေ နေရာတကာမှာ အချိန်နဲ့ တပြေးညီ ဖွင့်လှစ်နိုင်နေပြီး ရောဂါကြောင့် သေဆုံးသူတွေကိုလည်း ကောင်းကောင်းမွန်မွန်နဲ့ လုံလုံခြုံခြုံမြှုပ်နှံမှုတွေကြောင့် အခုလို ရောဂါကူးစက်နှုန်း ကျဆင်းလာတာဖြစ်တယ်လို့ ပြောဆိုပါတယ်။
ပြီးခဲ့တဲ့နှစ် မတ်လက ရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း လိုင်ဘေးရီးယား၊ ဆီရာယာလီယွန်နဲ့ ဂီနီနိုင်ငံ ၃ နိုင်ငံမှာ လူပေါင်း ၂၁၂၀၀ လောက် ရောဂါကူးစက်ခံခဲ့ရတာပါ။
ရောဂါအဆိုးဆုံး ကူးစက်ခံခဲ့ရတဲ့ လိုင်ဘေးရီးယားနိုင်ငံက နောက်လကုန်မှာ အီဘိုလာရောဂါ ကင်းစင်ပြီလို့ ကြေညာခဲ့တဲ့အပေါ် ကုလကိုယ်စားလှယ်ကလည်း အပြည့်အ၀ထောက်ခံခဲ့ပါတယ်။ သေဆုံးသူအားလုံး ၈၄၀၀ ကျော်မှာ လိုင်ဘေးရီးယားနိုင်ငံမှာ ၃၅၀၀ ကျော် သေဆုံးခဲ့တာပါ။
အီဘိုလာရောဂါဟာ လူတွေရဲ့ နေမှုထိုင်မှုပုံစံနဲ့ တိုက်ရိုက်ဆက်စပ်နေတာကြောင့် ရောဂါအကြောင်း သေသေချာချာ သိရှိပြီး နေမှုထိုင်မှုပုံစံကို ပြင်လိုက်တာနဲ့ ရောဂါကူးစက်မှုနှုန်းက ကျသွားတာပါပဲလို့ နာဘာရိုက ပြောဆိုပါတယ်။
အမေရိကန်၊ ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတွေက အီဘိုလာရောဂါအတွက် ကူညီထောက်ပံ့မှုတွေနဲ့ ရောဂါကုသရေးစင်တာတွေ ဆောက်လုပ်ပေးခဲ့မှုတွေကလည်း ရောဂါထိန်းချုပ်ရေး အထူးအထောက်အကူ ဖြစ်ခဲ့တယ်လို့လည်း နာဘာရိုက ပြောဆိုခဲ့ပါတယ်။