တရုတ်နိုင်ငံက မီတာ ၃၀၀ ရေခဲလျှောစီးပွဲ လူကြိုက်များ

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေလုံကျန်းပြည်နယ်မှာ ကျင်းပပြုလုပ်နေဆဲ ဟာပင်း ရေခဲနဲ့ နှင်းပွဲတော်မှာ မီတာ ၃၀၀ ရှည်လျားတဲ့ ရေခဲလျှောစီးပွဲကတော့ ကမ္ဘာ့အရှည်လျားဆုံး ရေခဲလျှောစီးအဖြစ် အဓိက လူကြိုက်များနေပါတယ်။
ဧရာမ ကြီးမားလွန်းတဲ့ ရေခဲတုံးကြီးတွေကို အနီးမှာ ရေခဲနေတဲ့ ဆုန်ဟွာမြစ်ထဲကနေ ယူတာ ဖြစ်ပြီး LED မီးအလှ ဆင်ယင်ထားတာတွေကနေ ရေခဲနဲ့ နှင်းကမ္ဘာကို ပျော်စရာနယ်မြေတခုအဖြစ် ဖန်တီးပေးထားတာပါ။
ရှည်လျားလှတဲ့ ရေခဲလျှောတွေအပြင် မီတာ ၁၅၀ ရှည်လျားတဲ့ နှင်းလျှောစီးလမ်းမှာ လာရောက်လည်ပတ်သူ ဧည့်ပရိသတ်အတွက် စိတ်ကြိုက်ရွေးချယ်စရာ ဖျော်ဖြေရေးတခုပါပဲ။
ပရိသတ် အတော်များများကတော့ ရေခဲနေအောင် အေးလှတဲ့ ညအချိန်မှာ တကြိမ်လောက် စမ်းစီးကြည့်ဖို့ နာရီနဲ့ချီပြီး စောင့်ဆိုင်းနေကြပါတယ်။
ဟာပင်းမြို့တော်ဟာ ဆောင်းရာသီဆိုရင် အပူချိန်က အနုတ် ၃၀ ဒီဂရီလောက်ထိ ကျဆင်းလေ့ရှိပြီး တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ အအေးဆုံး ပြည်နယ်မြို့တော်တခုအဖြစ် ကျော်ကြားပါတယ်။
ရာသီဥတုက အေးခဲနေတာတောင် ဖျော်ဖြေရေးအစီအစဉ်မျိုးစုံကို လာရောက်မြည်းစမ်း ပျော်ရွှင်ကြဖို့ နိုင်ငံတောင်ဘက်စွန်းပိုင်းက လာရောက်သူတွေအပါအ၀င် ဧည့်သည်တွေ မပြတ် လာရောက် လည်ပတ်ကြပါတယ်။
ဟာပင်း ရေခဲနဲ့နှင်းပွဲတော်ကို ၁၉၈၅ ဇန်န၀ါရီလက စတင်ဖွင့်လှစ်ခဲ့ပြီး ကမ္ဘာ့အကျော်ကြားဆုံး ရေခဲနဲ့ နှင်းပွဲတော် ၄ ခုထဲမှာ တခုအပါအ၀င် ဖြစ်ပါတယ်။
ကျန်ပွဲတော် ၃ ခုက ဂျပန်၊ ကနေဒါနဲ့ နော်ဝေနိုင်ငံတို့မှာ ကျင်းပပါတယ်။ ဒီနှစ်အတွက် ရေခဲနဲ့ နှင်းပွဲတော်ကို ဇန်န၀ါရီ ၅ ရက်ကနေ မတ်လကုန်အထိ ဖွင့်လှစ်မှာဖြစ်ပါတယ်။
ဓာတ်ပုံ - ရိုက်တာဗွီဒီယို
[gallery ids="77299,77300,77301,77302,77303,77304,77305,77306,77307,77308,77309,77310,77311,77312"]