ကမ္ဘာ့အတက်ရအခက်ဆုံးတောင်ကို တောင်တက်သမား ၂ ဦး တက်ရောက်

ကယ်လီဖိုးနီးယားပြည်နယ် ယိုဆက်မီတီအမျိုးသားသစ်တောမှာ ကမ္ဘာ့တက်ရအခက်ခဲဆုံး ကျောက်တောင်လို့ သတ်မှတ်ထားတဲ့ အယ်လ် ကာပီတန်(el capitan) ကျောက်တောင်ကို အမေရိကန်တောင်တက်သမား ၂ ဦးက အောင်အောင်မြင်မြင် တက်ရောက်နိုင်ခဲ့ပါတယ်။
ကမ္ဘာ့အခက်ခဲဆုံးကျောက်တောင်ကို ကမ္ဘာ့အခက်ဆုံးတောင်တက်လမ်းကြောင်းကနေ တောင်တက် အကူကိရိယာမပါဘဲ ပထမဆုံး အောင်မြင်စွာ တက်ရောက်ခဲ့ကြတာပါ။
အသက် ၃၆ နှစ်အရွယ် တော်မီခါဝဲလ်နဲ့ အသက် ၃၀ အရွယ် ကေဗင် ဂျော်ဂဆန်တို့ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၇ ရက်နေ့ကနေ ဇန်န၀ါရီ ၁၄ ရက်နေ့အထိ ၁၉ ရက်ကြာ တက်ခဲ့ကြပါတယ်။
အသက်ကယ်ကြိုးတွေကလွဲလို့ ဘာတောင်တက်ကိရိယာမှ မပါခဲ့ပဲ ခြေ၊ လက်တွေနဲ့ပဲ ကျောက်သား မျက်နှာပြင်ကို ကုတ်ဖဲ့တက်ရောက်ခဲ့ကြတာလည်း ဖြစ်ပါတယ်။
သူတို့ ၂ ယောက် တက်ရောက်ခဲ့တဲ့ ဒေါင့်ဝယ်လ် (Dawn Wall) လမ်းကြောင်းဟာ အမတ်စောက်ဆုံး၊ တက်ရအခက်ခဲဆုံးနဲ့ နေမျက်နှာစာဘက်ခြမ်းလည်း ဖြစ်လို့ အရင်က ဘယ်သူမှ တက်ရောက်ဖူးခြင်း မရှိသေးပါဘူး။
အမြင့်ပေ ၃၀၀၀ ရှိပြီး ကမ္ဘာ့အမြင့်ဆုံးအဆောက်အဦဖြစ်တဲ့ ယူအေအီးနိုင်ငံက ဘင့်ကာလီဖာ မိုးမျှော်တိုက်ထက်လည်း ပိုမြင့်ပါတယ်။
တောင်တက်သမား ၂ ဦးဟာ ခက်ခဲလွန်းလို့ တောင်ထိပ်ရောက်ကော ရောက်ပါဦးမလားဆိုတဲ့ အခြေအနေတွေတောင် ရှိခဲ့တယ်လို့ သတင်းတွေမှာ ရေးသားဖော်ပြကြပါတယ်။
ကေဗင် ဂျော်ဂဆန်ကတော့ သူရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ “စိတ်ဓာတ်ကျတဲ့အခါနဲ့ ကြုံတိုင်း ပိုပြီး စိတ်ရှည်လာတယ်။ ပိုပြီး ခံနိုင်ရည် ရှိလာတယ်။ ပိုပြီး အောင်မြင်ချင်တဲ့ ဆန္ဒတွေ ဖြစ်လာခဲ့တယ်”လို့ ရေးသားဖော်ပြခဲ့ပါတယ်။
[gallery ids="77280,77281,77282,77283"]