ဆောက်သမ်ပတန်ကွင်းလယ်လူ စတီဗင် ဒါးဗီးစ်က သူတို့ရဲ့ ပစ်မှတ်ဟာ ချန်ပီယံလိဂ် ၀င်ခွင့်ရရေး ဖြစ်တယ်လို့ အာဆင်နယ်နဲ့ မန်ယူကို ဆက်တိုက်အနိုင်ရရှိခဲ့ပြီးနောက် ပြောကြားလိုက်ပါတယ်။

သူတို့အနေနဲ့ အသင်းလိုက်ပုံစံနဲ့ သွားနေပြီး ဇန်န၀ါရီလကုန်၊ ဒါမှမဟုတ် ဖေဖော်ဝါရီလကုန်မှာ ဒီအဆင့်မျိုး ရှိနေခဲ့ရင် ချန်ပီယံလိဂ်ဝင်ကစားရဖို့ ဖြစ်နိုင်ပြီလို့ ဒါးဗီးစ် ရဲ့ ပြောကြားချက်ကို အသင်းဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
ပွဲတိုင်း ပိုကောင်းအောင် ကြိုးစားနေပြီး ရလဒ်ကောင်းတွေ ယူဖို့ စိတ်ဆန္ဒရှိတယ်လို့လည်း သူက ပြောဆိုထားပါတယ်။
ရာသီအစကတည်းက ခြေစွမ်းကောင်းတွေ ပြနိုင်ခဲ့တဲ့ ဆောက်သမ်ပတန်ဟာ ပြီးခဲ့တဲ့ သီတင်းပတ် အနည်းငယ်ကတော့ ခြေစွမ်း ပြန်ကျခဲ့ပါတယ်။
ဒါပေမယ့် နောက်ဆုံး ၅ ပွဲ မှာ ချယ်ဆီးအသင်းကိုပဲ ၁ ဂိုးစီနဲ့ သရေကျခဲ့ပြီး အဲဗာတန်၊ အာဆင်နယ်၊ မန်ယူတို့ကို အနိုင်ကစားနိုင်ခဲ့ပါတယ်။
လက်ရှိ အမှတ်ပေးဇယား တတိယနေရာမှာ ရှိနေပြီး အဆင့် ၄ က မန်ယူ ကို ၂ မှတ် ဖြတ်ပြီး သူ့အထက်က မန်စီးတီးနဲ့တော့ ၈ မှတ် ကွာနေပါတယ်။