ကွယ်လွန်သူ အမေရိကန် ပြည်သူ့အခွင့်အရေး လှုပ်ရှားမှုခေါင်းဆောင် မာတင်လူသားကင်းရဲ့ ငြိမ်းချမ်းရေး နိုဘယ်ဆုတံဆိပ်နဲ့ လက်စွဲ သမ္မာကျမ်းစာနဲ့ပတ်သက်တဲ့ အမွေဆိုင်အမှုကို မနေ့က ကြားနာပါတယ်။

မာတင်လူသာကင်းရဲ့ သားတွေဖြစ်တဲ့ ဒက်စတာကင်းနဲ့ တတိယမြောက် မာတင်လူသားကင်း တို့က သမီးဖြစ်တဲ့ ဘားနိုက်စ် ကင်းကို စွဲဆိုထားတဲ့ အမှုကို အတ္တလန်တာ တရားရုံး မှာကြားနာပါတယ်။
မာတင်လူသားကင်းဟာ နိုဘယ်ငြိမ်းချမ်းရေးဆုကို ၁၉၆၄ ခုနှစ်မှာ ရရှိခဲ့တာဖြစ်ပြီး သမ္မာ ကျမ်းစာကတော့ ပြည်သူ့အခွင့်အရေး ဆန္ဒပြပွဲတွေကို ဦးဆောင်တဲ့ကာလက ကိုယ်နဲ့ မကွာ ဆောင်ထားခဲ့တဲ့ အထွတ်အမြတ် စာအုပ်ဖြစ်ပါတယ်။
အမွေဆိုင် ပစ္စည်းတွေကို သားသမီး သုံးယောက်စလုံးက ပိုင်ဆိုင်ကြတာဖြစ်ပြီး သား ၂ ယောက်က ရောင်းဖို့ ဆန္ဒရှိနေပေမယ့် သမီးဖြစ်သူက အထွတ်အမြတ် ပစ္စည်းအဖြစ် ဆက်လက် ထိန်းသိမ်းထားချင်နေတာပါ။
၁၉၆၈ ခုနှစ်မှာ လုပ်ကြံခံလိုက်ရတဲ့ မာတင်လူသာကင်းက သေတမ်းစာ မရေးခဲ့တဲ့အတွက် သူ့အမွေတွေကို ဇနီးသည်က ဆက်ခံပါတယ်။
၂၀၀၆ ခုနှစ်မှာ ဇနီးသည် ကွယ်လွန်သွားတဲ့အခါ သားသမီးလေးယောက်အနက် အသက်ရှင်ကျန်ရစ်သူ ၃ ယောက်က အမွေဆိုင်အဖြစ် ဆက်ပြီးထိန်းသိမ်းထားပါတယ်။ အမှုဖြစ်နေတဲ့ လက်ရှိကာလမှာတော့ တရားရုံးက ထိန်းသိမ်းထားပါတယ်။
အမေရိကန် သမ္မတ အိုဘားမားက ဒုတိသသက်တမ်းအတွက် ကျမ်းသစ္စာကျိန်ဆိုရာမှာ အဲဒီ သမ္မာကျမ်းစာအုပ်ကို ကိုင်ဆောင်ပြီး တိုင်တည်ခဲ့ပါတယ်။