ကမ္ဘာ့ဈေးနှုန်းအတိုင်း မြန်မာ့လောင်စာဆီ ဈေးမကျနိုင်

4.4K
ကမ္ဘာတ၀န်း ထိုးစိုက်ကျဆင်းခဲ့တဲ့ လောင်စာဆီဈေးနှုန်းနည်းတူ မြန်မာ့လောင်စာဆီဈေးနှုန်း မလျော့ချနိုင်တာဟာ မြန်မာလုပ်ငန်းရှင်တွေ အမြင့်ဈေးနဲ့ တင်သွင်းထားရလို့ ဖြစ်ကြောင်း မြန်မာနိုင်ငံလောင်စာဆီရောင်းဝယ်ရေးအသင်းက ရှင်းလင်းပါတယ်။
ဒါပေမယ့်လည်း သူတို့အနေနဲ့ လောင်စာဆီဈေး အတိုင်းအတာတစ်ခုအထိ ကျဆင်းအောင် ညှိနှိုင်းဆောင်ရွက်နေတယ်လို့ အသင်းရဲ့ အထွေထွေအတွင်းရေးမှူး ဒေါက်တာ ၀င်းမြင့်က မနေ့က ရန်ကုန်မြို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
“ကျနော်တို့ လုပ်ငန်းရှင်တွေနဲ့ ဆွေးနွေးနေပါတယ်။ လက်လီသမားတော့ မသိဘူး။ လက်ကားဈေးမှာတော့ ကျနေပြီပေါ့နော်။ အဲဒါကြောင့် နိုင်ငံခြားကနေ လက်ကားဈေးနဲ့ပဲ ပေါက်ဈေးဝယ်ပြီးတော့ ဒီက ထိုက်သင့်တဲ့ သယ်ယူပို့ဆောင်ရေးနဲ့ ထပ်ဆောင်းပြီးတော့ ဒါမျိုးဘဲဖြစ်သင့်တယ်ဆိုပြီး ကျနော်တို့ တယောက်နဲ့တယောက် ညှိနှိုင်းကြတယ်။ ဈေးနှုန်းတော့ ဘာဘဲဖြစ်ဖြစ် ပြည်သူတွေရဲ့ အသံလည်းရှိသေးတယ်ပေါ့။ အရင်တပတ်က စပီး စက်သုံးဆီဈေးကို တစ်လီတာ ၈၉၀ တော်တော်ကြာကြာ ရှိရာကနေ ဆက်တိုက် တစ်နေ့ကို ကျနော်တို့ တစ်လီတာကို ကျပ် ၃၀ ဈေးချခဲ့ပါတယ်။ ဈေးချတဲ့အခါမှာ တစ်ပတ်လောက်မှာ တစ်လီတာကို မြန်မာကျပ်ငွေ ၂၀၀ အထိလျော့ လာတယ်။ နောက်ဆုံးပိတ် စက်သုံးဆီဈေး တလီတာ ၇၁၀ ထိ ကျလာတယ် ၊ ကျပ် ၂၀၀ နီးပါးပေါ့လေ။ အဲဒါ စက်သုံးဆီဆိုင်တွေနဲ့ ဆက်တိုက်လျှော့ပေးခဲ့ပါတယ်။”
အခုလို စက်သုံးဆီဈေး အနည်းငယ်ကျဆင်းပေမယ့် နယ်မြို့တွမှာတော့ ထူးခြားပြီး သက်သာလာတာမရှိသလို ကုန်ဈေးနှုန်းလည်း ပုံမှန်ဖြစ်နေဆဲဘဲလို့ ကရင်ပြည်နယ်က ကားဆရာတစ်ဦးက ပြောပါတယ်။
ရှမ်းပြည်နယ်က ဓာတ်ဆီဆိုင်ပိုင်ရှင်တစ်ဦးကလည်း ရန်ကုန်ကနေ အနည်းငယ် ကျဆင်းတဲ့ ဆီဈေးနှုန်းနဲ့ ၀ယ်ယူလာပေမယ့်လည်း သယ်ယူပို့ဆောင်စရိတ်က နဂိုအတိုင်းဘဲမို့ အများကြီး လျှော့ရောင်းလို့မရကြောင်း ပြောပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ နိုင်ငံခြားကနေ စက်သုံးဆီတင်သွင်းတဲ့ ကုမ္ပဏီပေါင်း ၆၀ ရှိပြီး သုံးစွဲသူတွေအနေနဲ့ ယခင်က စက်သုံးဆီ တစ်လီတာကို ကျပ် ၉၀၀ ကျော် ၀ယ်ယူခဲ့ရာ က ကျပ် ၇၀၀ ထိ ကျဆင်းနေပါတယ်။
မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံမှာတော့ လွန်ခဲ့တဲ့ ၆ လကနေ တရိပ်ရိပ်ကျဆင်းနေတာမှာ အရင်က တစ်လီတာကို ၄၁ ဘတ်နဲ့ အတန်ကြာငြိမ်နေတဲ့ ဂက်စ်ဆိုဟောလ်ဟာ ဇန်န၀ါရီလ ၁၃ ရက်နေ့က တစ်လီတာကို ၂၆ ဒဿ မ ၅၈ ဘတ်ထိ ကျဆင်းလာပါတယ်။
လောင်စာဆီဈေးကျဆင်းမှုဟာ အမေရိကန်နိုင်ငံက နည်းပညာသစ်နဲ့ ရေနံစိမ်းတွေ အမြောက်အများ ထုတ်နေသလို ရေနံစိမ်းအများဆုံးတင်ပိုသူ ဆော်ဒီအာရေဗျနိုင်ငံကလည်း ထုတ်လုပ်မှု မလျော့တာကြောင့်ဖြစ်ပြီး ထပ်မံ ဈေးကျဆင်းဖွယ်ရှိတယ်လို့ ထိုင်းစွမ်းအင် ၀န်ကြီးက မကြာသေးခင်က လောင်စာဆီဆိုင်ရာအစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။